နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ (၁၃) ခုကို လိုင်စင်ရုတ်သိမ်း

0
469

ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ (၁၃) ခုကို လိုင်စင်ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။

အဆိုပါ ကုမ္ပဏီ (၁၃) ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြား ချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဩဂုတ်လ (၁၄) ရက်မှစ၍ ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ လိုင်စင်ရုတ်သိမ်းခံရသည့် ကုမ္ပဏီ (၁၃) ခုမှာ Prime Residence Co .,ltd ၊ West Line Co .,ltd ၊ IMA Co .,ltd ၊ Great Father Great Sons General Trading Co .,Ltd ၊ Gold Foil Co .,Ltd ၊ Big Lion Gems Co .,Ltd ၊ Global International Investment & Development Co .,Ltd ၊ World Fortune  International Finance Group Shares Co .,Ltd ၊ Myat Nan Yone Services Co .,Ltd ၊ LP holding Co .,Ltd ၊ Golden Myanmar Asia Crown Travels &Tours Co .,Ltd ၊ Yangon KSA Travels &Tours Co .,Ltd ၊ Balance Co .,Ltd တို့ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းရှိ ရွှေဈေး ၊ ဒေါ်လာဈေး မြင့်တက်နေခြင်းကို ထိန်း​ကြောင်းရန်အတွက် ဈေးကွက်အတွင်း ငွေဈေးကစားနေသူများ၊ တရားမဝင် အရောင်းအဝယ်ပြုလုပ်နေသူများကို အရေးယူမှုများ လုပ်ဆောင်လျှက်ရှိနေပြီး ယင်းကဲ့သို့ ဈေးကစားခြင်းများ မလုပ်ဆောင်ကြရန်လည်း သတိပေးမှုများ ရှိ​နေသည်။

ဗဟိုဘဏ်လက်အောက်ရှိ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပြီးခဲ့သည့် ဇွန်လတွင် အမေရိကန်က စီစစ်သည့်စာရင်းတွင် ထည့်သွင်းလိုက်ပြီးနောက် ဒေါ်လာဈေးကွက် လှုပ်ခတ်ခဲ့ပြီး တစ်ဒေါ်လာကို ၂,၈၀၀ ကျပ်ဝန်းကျင်ခန့်ရှိနေရာမှ ၃,၀၀၀ ကျပ် ကျော်ကို မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ထိုမှတဆင့် စင်ကာပူထိပ်သီးဘဏ် United Oversea Bank (UOB) က မြန်မာပြည်အခြေစိုက် ဘဏ်လုပ်ငန်းများနှင့် ဆက်နွယ်ပတ်သက်နေမှုကို ဖြတ်တောက်ရန် ပြင်ဆင်နေကြောင်း အသိပေးပြီးနောက်ပိုင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၃၇၀၀ ဝန်းကျင်အထိ အဆမတန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here