မြဝတီ – ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းအား သွားလာခွင့် ပိတ်မည်ဟု သတင်းထွက်သော်လည်း ယနေ့ ပုံမှန်ဖြတ်သန်းသွားလာနေ

0
331

ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမ ဒေါနတောင်တက်လမ်းပိုင်း တောနော်ရေတံခွန်အနီး မြေပြိုကျမှုကြောင့် ပြန်လည်အသုံးပြုနေရသည့် ယခင်ဒေါနတောင်တက်လမ်းဟောင်းကို ဖြတ်သန်းခွင့် ပိတ်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ ပုံမှန်သွားလာနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ် (၇) ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် တောင်နံရံ ပြိုကျရာမှ တောနော်ရေတံခွန်အနီးရှိ အာရှလမ်းမကြီး လမ်းပိုင်း ပြိုကျခဲ့ရသည့်အတွက် လက်ရှိ လမ်းဟောင်းမှ ကားလေးများကို သွားလာစေခြင်းဖြစ်သည်။

“မနေ့ကတော့ ပိတ်မယ်ကြားတယ်။ ဒီနေ့အထိတော့ မပိတ်ဘူး။ ပုံမှန်တိုင်းပဲ သွားနေကြတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြဝတီ – ကော့ကရိတ်သွား ဒေါနတောင် လမ်းဟောင်းသည် အကျယ်အဝန်းအားဖြင့် ကျဉ်းမြောင်းသည့်အပြင် အသုံးမပြုသည်မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ပျက်စီးမှုများလည်း ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အာရှလမ်းသစ် ပြိုကျမှုကြောင့် ခရီးသည်ဝန်ဆောင်မှုနှင့် ကုန်စည်သယ်ဆောင်မှု ရပ်တန့်မသွားစေရန် ခရီးသည်တင် ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များကို ဒေါနတောင် လမ်းဟောင်းမှ ဖြတ်သန်းသွားလာစေခြင်းဖြစ်သည်။

ထိုသို့ သွားလာရာတွင် အန္တရာယ်မဖြစ်စေရေးအတွက် ယခင်အတိုင်း အတက်တစ်ရက် အဆင်းတစ်ရက် သတ်မှတ်ကာ သွားလာခွင့်ပြုထားခြင်းဖြစ်ပြီး ယမန်နေ့က စတင်ကာ လမ်းဟောင်းအား ပိတ်ထားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြေပြိုကျခဲ့သည့် အာရှလမ်းသစ် တောနော်ရေ တံခွန်အနီးတွင်လည်း ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် လမ်းလွှဲတစ်ခုဖောက်လုပ်လျက်ရှိကြောင်း သိရပြီး ကုန်တင်ယာဉ်ကြီးများနှင့် လူစီးခရီးသည်တင်ယာဉ်များ သွားလာနိုင်ရေးအတွက်လည်း ယာယီဘေလီတံတားဆောက်လုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – Karen Channel Media


LEAVE A REPLY

Please enter your comment!
Please enter your name here