ပဲခူးမြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်း အချို့ပြန်လည်ဖွင့်လှစ်

0
379

ရေဝင်ရောက်မှုများကြောင့် ယာယီပိတ်ထားရသည့် ပဲခူးတိုင်း၊ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနက် ၄၄ ကျောင်းအား သြဂုတ် ၁၄ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

“ရေပြန်ကျသွားတဲ့အတွက် ယာယီရေဘေးရှောင်စခန်းတွေကိုလည်းပိတ်လိုက်တယ် အခု ရေဝင်လို့ပိတ်ထားရတဲ့စာသင်ကျောင်းတွေထဲက တစ်ချို့ကျောင်းတွေကိုပြန်ဖွင့်ပေးလိုက်ပါပြီ မီးသတ်တပ်ဖွဲ့နဲ့ပေါင်းပြီး ကျောင်းတွေပြန်ဖွင့်နိုင်အောင် ရွံ့တွေ နုန်းတွေနဲ့ကျောင်းသန့်ရှင်းရေးတွေကို ကူညီပြီးလုပ်ပေးခဲ့ပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေဝင်ရောက်မှုကြောင့် ပဲခူးမြို့နယ်အတွင်း ရပ် ကွက်/ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်း ၄၅ ကျောင်းအား သြဂုတ် ၈ ရက်မှစတင်ကာ ကျောင်းသား၊ကျောင်းသူများ အန္တရာယ်မဖြစ်စေရန် ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ယာယီပိတ်ထားခဲ့ရပြီးနောက် ရေပြန်လည်ကျဆင်းသွားချိန်တွင် သြဂုတ် ၁၄ ရက်က ၁၅ ကျောင်း၊ သြဂုတ် ၁၅ ရက်တွင် ၂၉ ကျောင်း (စုစုပေါင်း ၄၄ ကျောင်း)အား ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျန်ရှိသည့်ကျောင်းမှာ ရှင်းလင်းမှုများပြု လုပ်ရန်ကျန်ရှိနေသေး၍ ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ရှင်းလင်းမှုများပြုလုပ်ပြီးချိန်၌ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo-ရာမညအသံ


LEAVE A REPLY

Please enter your comment!
Please enter your name here