ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျပြီး ပျောက်ဆုံးနေသူများထဲမှ ယနေ့ နံနက် (၇) လောင်း ထပ်တွေ့၊ စုစုပေါင်း (၃၂) လောင်း ရှာဖွေရရှိထား

0
189

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ မနကျေးရွာ အနီးက ကျောက်စိမ်းလုပ်ကွက် ရေကန်ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသည့် ကျောက်စိမ်းရှာဖွေသူများနှင့် ကုမ္ပဏီဝန်ထမ်း (၃၀) ကျော်ကို ရှာဖွေလျက်ရှိရာ ယနေ့ နံနက် (၇) လောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း (၃၂) လောင်း ရှာဖွေရရှိထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

“ဒီနေ့တော့ (၇) လောင်းတွေ့ထားပြီဗျ။ မနေ့ကရော ဒီနေ့ရော (၃၂) လောင်း တွေ့ထားပြီ”ဟု ကူညီရှာဖွေနေသည့် ဒေသခံ ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဩဂုတ် (၁၃) ရက် ညနေ (၃) နာရီခွဲ ဝန်းကျင်က ဖားကန့်မြိုနယ်၊ မနကျေးရွာအနီး ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီ လုပ်ကွက်အတွင်းရှိ ရေကန်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျောက်စိမ်း ရှာဖွေနေသူ (၈) ဦး ဒဏ်ရာ ရရှိကာ (၃၆) ဦး ပျောက်ဆုံးခဲ့သည့်အတွက် ဒေသခံ ပရဟိတ အဖွဲ့များ ပူးပေါင်း ရှာဖွေနေခြင်းဖြစ်သည်။

ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည့် ရေကန်မှာ အလျားပေ (၁၀၀၀) ဝန်းကျင်၊ အနံ ပေ (၂၅၀) ဝန်းကျင်နှင့် အမြင့်ပေ (၄၀၀) ကျော် အထိ ကျယ်ဝန်းပြီး ကမ်းပါးပြိုကျမှုကြောင့် ကမ်းပါးအနီး ကျောက်စိမ်းရှာဖွေနေသူများ ရေကန်အတွင်း နစ်မြုပ် ပျောက်ဆုံးနေသည့်အတွက် (၃) ရက်တိုင် ရှာဖွေမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

“ဒီနေ့ကတော့ နေပူတယ်။ မိုးမရွာတော့ ရှာဖွေလုပ်ကိုင်ရ နည်းနည်းအဆင်ပြေတယ်ဗျ”ဟု ၎င်းကဆက်လက် ပြောဆိုသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူ (၃၆) ဦးစလုံး သေဆုံးခဲ့ပြီဟု ယူဆရကာ ဒေသတွင်း ပရဟိတ အဖွဲ့ (၁၀) ကျော် ပူးပေါင်းရှာဖွေနေခြင်းဖြစ်ပြီး ယနေ့ သြဂုတ် (၁၆) ရက် နံနက်ပိုင်းအထိ (၃၂) လောင်း ရှာဖွေတွေ့ရှိထားခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသူများတွင် ရေမဆေးရှာဖွေသူများနှင့် ကုမ္ပဏီ ဝန်ထမ်းများ ပါဝင်နေပြီး ၂၀၂၀ ခုနှစ်အတွင်းကလည်း ဖားကန့်မြို့နယ် ဝှေခါမှော်အတွင်း အလားတူ ကမ်းပါးပြိုကျမှုကြောင့် ကျောက်စိမ်းရှာဖွေသူ (၁၅၀) ကျော် သေဆုံးခဲ့ရမှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here