၂၀၂၃ အာဆီယံ ယူ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဥ်အဖြစ် ထိုင်းအသင်းနှင့်မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းယနေ့ယှဥ်ပြိုင်ကစားရမည်

0
252

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် ၂၀၂၃ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (က)၏ အုပ်စုအဖွင့်ပွဲစဥ်အဖြစ် သြဂုတ် ၁၇ ရက် (ယနေ့)ည ၇ နာရီခွဲ၌ Rayong Stadium တွင် ထိုင်းအသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

အဆိုပါ အုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲအား သြဂုတ် ၁၆ ရက်နံနက် ၁၁ နာရီက ထိုင်းနိုင်ငံ၊ရာရောင်းမြို့၌ကျင်းပခဲ့ရာ မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယားနှင့်ဘရူနိုင်းအသင်းတို့မှ နည်းပြချုပ်များတက်ရောက်ခဲ့ကြသည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနည်းပြချုပ် Michael Feichtenbeiner မှ မြန်မာ ယူ-၂၃ အသင်းအနေဖြင့်လက်ရှိအချိန်တွင် ကစားသမားများအားလုံး ဒဏ်ရာကင်းစင်ကာ လေ့ကျင့်မှုကောင်းများရှိနေသဖြင့် ယခုပြိုင်ပွဲမှစ၍ လာမည့် စက်တင်ဘာလအတွင်း အာရှခြေစစ်ပွဲများနှင့် အာရှအားကစား ပွဲတော်တို့အပြင် ၂၀၂၄ ခုနှစ် ဆီးဂိမ်းစ်အတွက်ပါ ကစားသမားသစ်များကိုမြင်တွေ့ရမည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့အုပ်စုမှာ ပြီးခဲတဲ့ ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်မှာတွေ့ခဲ့တဲ့ ထိုင်းအသင်းနဲ့ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာဖြစ်သလို တောင့်တင်းတဲ့ ကမ္ဘောဒီးယားနဲ့လည်းဆုံတွေ့ဖို့ရှိပါတယ် သူတို့နဲ့ ဆီးဂိမ်းစ် ကစားခဲ့ဖူးတော့ သူတို့အသင်းကောင်းတစ်သင်းဆိုတာ သိထားပြီးသားပါ ဘရူနိုင်းအသင်းနဲ့ကတော့ ကျွန်တော့်အတွက် ပထမဆုံးတွေ့ဆုံရတာဖြစ်လို့ တကယ်ကိုစိတ်ဝင်စားစရာပါပဲ ကျွန်တော်တို့ အသင်းရဲ့ လူငယ်ကစားသမားသစ်လေးတွေအတွက် ဒီပြိုင်ပွဲကနေအတွေ့အကြုံကောင်းတွေရ ယူသွားပါမယ်”ဟု နည်းပြချုပ် Michael Feichtenbeiner ကပြောသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေဖြင့် ပြိုင်ဘက်တိုင်းအား လေးစားမှုရှိစွာဖြင့် တစ်ပွဲချင်းစီအား တစ်ဆင့်စီပြင်ဆင်ပြီး၍ အကောင်းဆုံးယှဥ်ပြိုင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းသည် ကစားသမား ၂၅ ဦးဖြင့် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကာ အုပ်စု(က)တွင် ထိုင်း၊ကမ္ဘောဒီးယား၊ဘရူနိုင်းအသင်းတို့နှင့်ကျရောက်လျက်ရှိပြီး ဩဂုတ် ၁၇ ရက်(ယနေ့)ည ၇ နာရီခွဲတွင် ထိုင်းအသင်း၊ဩဂုတ် ၁၉ ရက်နေ့လည် ၃ နာရီခွဲတွင် ကမ္ဘောဒီးယားအသင်း၊ ဩဂုတ် ၂၁ ရက်နေ့လည် ၇ နာရီခွဲတွင် ဘရူနိုင်းအသင်းတို့နှင့်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here