ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးရရှိထား

0
254

ယခုဘဏ္ဍာနှစ်၏ လေးလကျော်ကာလအတွင်း ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးရရှိထားပြီး ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၂၄ သန်းကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ် ကုန်သွယ်ရေး Border Trade လမ်းကြောင်းများမှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောဂါပိုးမွှားများ ကင်းရှင်းစေရန် ပြည်တွင်း၌ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ် တင်ပို့မှု လုပ်ငန်းစဉ်များကို စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန် နှင့် ဥရောပနိုင်ငံများ အပါအဝင် ရေခြားမြေခြား နိုင်ငံတချို့ကို တင်ပို့နေပြီး၊ တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိ တ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တဆင့်လည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ကုန်များ ပုံမှန်တင်ပို့ လျက်ရှိကြောင်း သိရသည်။

မြန်မာ့ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် မွေးမြူရေးလုပ်ငန်းများနှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း လုပ်ငန်းများမှရရှိသော ရေထွက်ကုန်များကို ကုန်ကြမ်းများ အဖြစ် တိုက်ရိုက်တင်ပို့နေသည့်အပြင် အအေးခန်း စက်ရုံများတွင် စနစ်တကျ ပြုပြင်ထုပ်ပိုးပြီးမှ တင်ပို့မှုများလည်းရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here