မော်လမြိုင်မြို့ရှိ “ရွှေပန်းခိုင်”ရွှေဆိုင်မှ ၂ ကျပ်သားရွှေဆွဲကြိုးအား ခိုးယူသွားသည့် နိုင်ငံခြားသား ၂ ဦးကိုဖမ်းဆီးရမိ

0
288

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊မိုင်ရတနာ ၄ ထပ်စျေးရှိ “ရွှေပန်းခိုင်”ပလက်တီနမ်နှင့်စိန်ရွှေရတနာဆိုင်မှ ရွှေဆိုင်မှ ၂ ကျပ်သားရွှေဆွဲကြိုးအား သြဂုတ် ၁၇ ရက်နံနက်ပိုင်းက ခိုးယူသွားခဲ့သည့် နိုင်ငံခြားသား ၂ ဦးကို တောင်ငူမြို့တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

“ဖမ်းမိထားတယ်ဆိုတာဟုတ်ပါတယ် အချိန်အတိအကျကိုတော့မသိပါဘူး ဆိုင်မှာရှိတဲ့ CCTV ကနေတဆင့် စုံစမ်းစစ်ဆေးတာတွေလုပ်ပြီးတော့ ဖမ်းဆီးရမိထားတာပါ တောင်ငူမြို့မှာဖမ်းမိထားပါတယ် အခု သိရသလောက်က ရွှေဆွဲကြိုးခိုးယူသွားတဲ့ ၂ ယောက်က နိုင်ငံခြားသားတွေဟန်ဆောင်ထားတာလို့သိရတယ် အဲဒါကိုတော့ တာဝန်ရှိတဲ့လူတွေက လိုအပ်တာတွေစစ်ဆေးလုပ်ဆောင်နေတယ်လို့သိထားပါတယ်”ဟု ရွှေဆိုင်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် သြဂုတ် ၁၇ ရက်နံနက် ၁၀ နာရီခွဲခန့်က မော်လမြိုင်မြို့၊မြိုင်ရတနာ ၄ ထပ်စျေးရှိ “ရွှေ ပန်းခိုင်”ပလက်တီနမ်နှင့်စိန်ရွှေရတနာဆိုင်သို့ နိုင်ငံခြားသား အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ရောက်ရှိလာကာ ရွှေဝယ်မည်ဟုပြောဆိုကာ ရွှေဆွဲကြိုးများအားပြသခိုင်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရွှေဆွဲကြိုးများအားပြသရာ ပထမဆုံးပြသသည့်ရွှေဆွဲကြိုးအား နိုင်ငံခြားသူမှ လက်အတွင်းဆုပ်ကိုင်ထားခဲ့ပြီး ထပ်မံ၍အခြားရွှေဆွဲကြိုးတစ်ကုံးအားယူကြည့်ကာ ကိုင်ကြည့်ခဲ့သော ရွှေဆွဲကြိုးအားပြန်ပေးခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ရွှေဆွဲကြိုးအားခိုးယူသွားခဲ့သည်ကို ရွှေဆိုင်ပိုင်ရှင်မှသက်ဆိုင်ရာရဲစခန်းသို့ဆက်သွယ်တိုင်ကြားခဲ့သဖြင့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာမှ တောင်ငူမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပေးရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here