ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ ဆိုင်ခန်း ၂ ခန်းမီးလောင်ဆုံးရှုံးခဲ့မှု ဖြူးမြို့တွင်ဖြစ်ပွား

0
240

ပဲခူးတိုင်း၊ဖြူးမြို့၊မြို့မအရှေ့ရပ်ကွက်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှမီးလောင်ကျွမ်းခဲ့မှု သြဂုတ် ၁၈ ရက်ညပိုင်းကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၁၂ နာရီကျော်ခန့်က ဖြူးမြို့၊မြို့မအရှေ့ရပ်ကွက်၊(၁၄)လမ်းရှိ ထမင်းဆိုင်တစ်ဆိုင်၏ ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှမီးလောင်မှုဖြစ်ပွား၍ ဖြူးမြို့နယ်မီးသတ်စခန်း၊ဇေယျဝတီနယ်မြေမီးသတ်စခန်း၊(၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးလောင်ချိန်က နာရီဝက်နီးပါးလောက်ကြာပါတယ် လူထိခိုက်တာမရှိပါဘူး မီးစလောင်တဲ့ထမင်းဆိုင်နဲ့နောက်ထပ်စျေးဆိုင်ခန်း ၁ ခန်းပျက်စီးဆုံးရှုံးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၂ နာရီ ၃၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here