ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နှင့် တိုင်းအားလုံးတွင် မိုးထစ်ချုန်းရွာမည်

0
153

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်လျှက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area)၏ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်း အားလုံးတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ သြဂုတ် (၁၉)ရက် နံနက် (၅:၃၀) နာရီ အချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့၏ မိုးလေဝသအခြေအနေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် အသိပေးထားခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ယင်း လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ချင်းပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်သာ ရှိနေပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈) ပေခန့် ရှိနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here