တရုတ်သမ္မတရှီ တောင်အာဖရိကသို့နိုင်ငံတော်ခရီးစဉ်သွားမည်၊BRICS အစည်းဝေးလည်းတက်မည်ဟုဆို

0
212

ပေကျင်း၊ဩဂုတ် ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီသည် လာမည့်သီတင်းပတ်တွင် တောင်အာဖရိကနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်တွင်ပြောကြားခဲ့ပြီး ၎င်းသည် ဂျိုဟန်နက်စ်ဘာ့ဂ်၌ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့သည်။

ရုရှား – ယူကရိန်းအရေးကြောင့် နိုင်ငံတကာ အကွဲအပြဲများ၌ သြဇာလွှမ်းမိုးရေး နှင့် တွင်းထွက်များကြောင့်ပြိုင်ဆိုင်မှုပြင်းထန်လာချိန်တွင် အာဖရိကသည် တရုတ်၊ရုရှားနှင့်အနောက်အုပ်စုတို့၏အင်အားပြိုင်ဆိုင်ရာ သံတမန်စစ်မြေပြင်တစ်ခုလည်းဖြစ်လာခဲ့သည်။

“တောင်အာဖရိကသမ္မတမစ္စတာ စရီရာမာဖိုဆာရဲ့ဖိတ်ကြားချက်အရ သမ္မတရှီက ၁၅ ကြိမ်မြောက် BRICS အစည်းအဝေးကိုတက်ရောက်မှာဖြစ်ပြီး တောင်အာဖရိကကိုလည်းနိုင်ငံတော်ခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် ၂၀၂၃ ခုနှစ်အတွက် သမ္မတရှီ၏ဒုတိယမြောက်ပြည်ပခရီးစဉ်ဖြစ်ပြီး မတ်လကလည်း ရုရှားသို့သွားရောက်ခဲ့သေးသည်ဟုသိရသည်။ရှီသည် ၂၀၁၈ ခုနှစ်ကလည်းတောင်အာဖရိကသို့သွားရောက်ခဲ့ပြီး သံတမန်ရေးနှင့်စီးပွားရေးအရ ဆက်ဆံရေးတိုးမြှင့်ရန်လည်းကြိုးပမ်းခဲ့သည်။

ယခုနှစ်ဇူလိုင်လကလည်း ပေကျင်း၌ အယ်လ်ဂျီးရီးယားသမ္မတ အဗ္ဗဒဲလ်မဂျစ်တဗူးအားလက်ခံတွေ့ဆုံခဲ့ပြီး အာဖရိကနှင့်တရုတ်၏ဆက်ဆံရေးကို ချီးကျူးကာ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန်လည်းတောင်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here