မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမကြီး မြေပြိုကျမှု ပြန်လည်ပြုပြင်ရာ ပြီးစီးလုနီးပါး အခြေနေတွင် ရှိနေ

0
494

ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီး မြေပြိုကျခဲ့သည့် နေရာ ပြန်လည်ပြုပြင်ရာ တစ်ပတ်ခန့်အကြာတွင် ပြီးစီးလုနီးပါး အခြေနေတွင် ရှိနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အာရှလမ်းမကြီး၌ သြဂုတ် ၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် တောင်နံရံ ပြိုကျရာမှ တောနော်ရေတံခွန်အနီးရှိ အာရှလမ်းမကြီး လမ်းပိုင်းမှာလည်း ပြိုကျသွားခဲ့ခြင်းကြောင့် သွားလာရေး အဆင်ပြေစေရန် ပြန်လည် ပြုပြင်နေခြင်းဖြစ်သည်။

“ပြင်တဲ့ အခြေနေက လုပ်တော့ လုပ်နေတုန်းပါပဲ။ ဒီဘက်ခြမ်းက တောင်ပြိုတဲ့ နေရာကတော့ တော်တော်တော့ ပြီးသလောက် ဖြစ်နေပြီ ဒါပေမယ့် ကျန်တော့ ကျန်သေးတာပေါ့။ လမ်းဖို့ဖို့ မြေပုံထားတဲ့ ဟာတွေကတော့ လုပ်တာက တစ်ပတ်လောက်တော့ ရှိပြီ။ ဆက်လုပ်နေတုန်းပဲ။ ရာသီဥတုက မိုးမရွာတော့ တော်တယ်။ လုပ်ရအဆင်ပြေတယ်ပေါ့။”ဟု ဒေသခံ ပရဟိတ လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

အာရှလမ်းသစ် ပြိုကျမှုကြောင့် ခရီးသည်ဝန်ဆောင်မှုနှင့် ကုန်စည်သယ်ဆောင်မှု ရပ်တန့်မသွားစေရန် ခရီးသည်တင် ယာဉ်ငယ်များနှင့် ကုန်တင် ယာဉ်ငယ်များကို ဒေါနတောင် လမ်းဟောင်းမှ အတက်တစ်ရက် အဆင်းတစ်ရက်ဖြင့် ဖြတ်သန်းသွားလာနေစေကြောင်းလည်း သိရသည်။

“ကားလေးတွေလည်း လမ်းဟောင်းကနေပဲ အသွားလာ လုပ်နေကြတာပဲ။ အတက် တစ်ရက် အဆင်း တစ်ရက် ပုံမှန်ပဲ သွားနေကြတယ်။ လမ်းတွေက ကျဉ်းတော့ ပြိုတာရှိတော့ အသွားအပြန် နှစ်စီးဆိုရင် မလွတ်ဘူးလေ။ အဲ့ဒါကြောင့် အတက် တစ်ရက် အဆင်း တစ်ရက်ပဲ သွားခိုင်းတာပေါ့။”ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြဝတီ – ကော့ကရိတ်သွား ဒေါနတောင် လမ်းဟောင်းမှာ အကျယ်အဝန်းအားဖြင့် ကျဉ်းမြောင်းသည့်အပြင် အသုံးမပြုသည်မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ပျက်စီးမှုများလည်း ရှိနေကြောင်းလည်း သိရသည်။

အဆိုပါ အာရှလမ်းသစ် မြေပြိုကျမှုဖြစ်ပေါ်ခဲ့သည့် ဩဂုတ် ၇ ရက်မှစတင်ကာ ထိုင်း – မြန်မာ ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်နေပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

Photo-Sett Paing Aung


LEAVE A REPLY

Please enter your comment!
Please enter your name here