MyCo အားအဆင့်မီအောင်လုပ်ထားသော်လည်းလိုက်နာမှုအားနည်း

0
287

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကို ပိုမိုနားလည်လိုက်နာလာစေရန် ပိုလုပ်မည်

အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCo အား အများပြည်သူသုံးစွဲရ လွယ်ကူစေရန်နှင့် နိုင်ငံတကာအဆင့်မီစေရန် တည်ဆောက်ထားသော်လည်း လက်ရှိအချိန်တွင် လိုက်နာမှု အားနည်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လိုက်နာမှု အားနည်းအထဲတွင် ကုမ္ပဏီများနှင့် ကုမ္ပဏီ ဒါရိုက်တာများ ၊ ကုမ္ပဏီ၏ အစုရှယ်ယာရှင်များလည်း ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) စတင်အာဏာတည်ပြီးနောက် ဥပဒေပြဌာန်းချက်များနှင့်အညီ အီလက်ထရောနစ်မှတ်ပုံတင်စနစ် (MyCo)အား ၂၀၁၈ ခုနှစ် ဩဂုတ်လ (၁) ရက်မှစတင် အသုံးပြုလျက်ရှိပြီး မှတ်ပုံတင်ရန် တင်ပြလာသော ကုမ္ပဏီများအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ဖွဲ့စည်းခွင့်ပြုလျက်ရှိသကဲ့သို့ ဖွဲ့စည်းမှတ်ပုံတင်ပြီးဖြစ်သော ကုမ္ပဏီများကိုလည်း မြန်မာနိုင်ငံကုမ္ပ ဏီများ ဥပဒေပြဌာန်းချက်များနှင့်အညီ စိစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ လိုက်နာမှုအားနည်း‌ရခြင်းမှာ ဥပဒေအရ လိုအပ်သည့် နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်သည့်အတွက် ဆိုင်းငံ့ခြင်း -Suspended အခြေအနေတွင် အရေးယူခံထားရသောကုမ္ပဏီများ အရေအတွက်များပြားလာခြင်း၊ ဥပဒေအရ လိုအပ်သည့် နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်သည့် မှတ်ပုံတင်စာရင်းမှပယ်ဖျက်ခြင်း – Struck-off အခြေအနေတွင် အရေးယူခံထားရသော ကုမ္ပဏီများ အရေအတွက်များပြားလာခြင်း၊ မှတ်ပုံတင်စာရင်းတင်သွင်းထားသော ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာသည် မြေပြင်တွင်အမှန်တည်ရှိ မနေခြင်း၊ ဥပဒေအရပြုစုထားရှိရန် လိုအပ်သော မှတ်ပုံတင်စာရင်းစာအုပ်နှင့် အခြားလိုအပ်သော အချက်အလက်များကို ပြုစု၍ သိမ်းဆည်းထားရှိရမည့် လိုအပ်ချက်ကို သိလျက်နှင့်ဖြစ်စေ မသိ၍ဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းများမှာ အကြောင်းအချက်များအနေဖြင့် ပါဝင်နေကြောင်း သိရသည်။

ထို့အပြင် အချို့သော ကုမ္ပဏီအဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဘဏ်များ၌ သီးခြားငွေစာရင်း ဖွင့်လှစ်ရမည့်အစား လူပုဂ္ဂိုလ်ဆိုင် ရာဘဏ်စာရင်းများကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရခြင်း၊ ကုမ္ပဏီများမှတ်ပုံတင်ပြီးနောက် သက်ဆိုင်ရာဌာနများ၏ သီးခြားလိုင်စင်/ခွင့်ပြုချက်များကို မရယူပဲ လုပ်ငန်းများဆောင်ရွက်နေခြင်း၊ ကုမ္ပဏီဒါရိုက်တာများနှင့် ကုမ္ပဏီတွင်ပါဝင်သူများ (အချို့) သည် မြန်မာနိုင်ငံကုမ္ပဏီများဥ‌ပဒေတွင် ပြဌာန်းပါရှိသည့် ဒါရိုက်တာများနှင့် ပါဝင်သူများ၏ တာဝန်များအား သိလျက်နှင့်ဖြစ်စေ မသိ၍ဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုများလည်း ရှိနေကြောင်း သိရသည်။

ထို့ပြင် ကုမ္ပဏီများမှတ်ပုံတင်ရာတွင် အီလက်ထရောနစ် မှတ်ပုံတင်စနစ်-MyCo ဖြင့်လွယ်ကူစွာ မှတ်ပုံတင်နိုင်သကဲ့သို့ မှတ်ပုံတင်အရာရှိအနေဖြင့် ကုမ္ပဏီများလိုက်နာဆောင်ရွက်ရန် အီလက်ထရောနစ်နည်းလမ်းဖြင့် စောင့်ကြည့်သည့် စနစ်များ အလို အလျောက်သတိပေးမည့်စနစ်များ၊ မှားယွင်းမှုနှင့်ပျက်ကွက်မှုတို့ကို သတိပေးအ ကြောင်းကြားခြင်းနှင့် အရေးယူခြင်းတို့ကို MyCo မှတဆင့် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကုမ္ပဏီနှင့် ကုမ္ပဏီဒါရိုက်တာများ ၊ ကုမ္ပဏီတွင် ပါဝင်သူများအနေဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကို ပိုမိုနားလည်လိုက်နာစေရန်အတွက် အရည်အသွေးမြင့်မားသော စိစစ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိကြောင်း တွေ့ရှိပါက ဥပဒေအရ သတ်မှတ်ထားသော ဒဏ်ကြေးငွေချမှတ်ခြင်းနှင့် အခြားသောအရေးယူဆောင်ရွက်မှုများအား ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here