အသေးသုံး ချေးငွေအနေဖြင့် သင်္ဘောသားတစ်ဦးလျှင် ကျပ်သိန်း (၁၀၀) ထုတ်ချေးရန် MSF စီစဉ်နေ

0
437

သင်္ဘောသားတစ်ဦးလျှင် ကိုယ်ရေးကိုယ်တာအသေးသုံးချေးငွေ ကျပ်သိန်း ၁၀၀ ထိ ထုတ်ချေးပေးရန် ရိုးမဘဏ်နှင့် ပူးပေါင်းစီစဉ်ထားကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္သောသားအလုပ်သမားများအဖွဲ့ချုပ်(MSF) ထုတ်ပြန်ထားသည်။

အဆိုပါ အစီအစဉ်အရ သင်္ဘောသားတစ်ဦးလျှင် ကိုယ်ရေးကိုယ်တာ အသေးသုံး ချေးငွေရယူနိုင်ရန် အနည်းဆုံး (၁၅) သိန်းမှ အများဆုံး သိန်း (၁၀၀) အထိ ချေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်းမှာ ၁၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သောကြောင့် တစ်လလျှင် ခန့်မှန်းအတိုးနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်း (တစ်လ-တစ်ကျပ်ပြားနှစ်ဆယ်နှုန်း)ဖြင့် လစဉ်အတိုးအရင်းပြန်ဆပ်ရမည်ဖြစ်ကြောင်းလည်း MSF ၏ ကြေညာချက်ဆွင်ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ပြန်ဆပ်ရမည့် ကာလမှာ အနည်းဆုံး (၆) လ မှ အများဆုံး (၁၂)လအထိ ရွေးချယ်ပေးဆပ်နိုင်ပြီး ကိုယ်ရေးကိုယ်တာအသေးသုံးချေးငွေရယူခြင်းဖြစ်သောကြောင့် အပေါင်ပစ္စည်းထားရန် မလိုအပ်ကြောင်း သိရသည်။

ချေးငွေထုတ်ချေးလိုသူများအနေဖြင့် အတိုးအရင်းပြန်ဆပ်နိုင်ရန်အတွက် ဝင်ငွေရှိရမည်ဖြစ်ကာ သင်္ဘောလိုက်ရန်စဉ်းစားနေသူများအတွက် သင့်တော်သည့်ချေးငွေစီမံချက်ဖြစ်ကြောင်း သိရသည်။

ယင်း ချေးငွေရယူနိုင်ရန်အတွက် တင်ပြရမည့် စာရွက်စာတမ်းစာရင်းနှင့် ပုံစံများအား ယခုရက်သတ္တပတ်အတွင်း အဖွဲ့ချုပ်ရုံး တည်ရှိရာ အမှတ်(၅၃) ၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်တွင် လာရောက်မေးမြန်းစုံစမ်းကာ ရယူနိုင်ကြောင်း အသိပေးထားသည်။

“သင်္ဘောသားကိုယ်ရေးကိုယ်တာအသေးသုံး ချေးငွေရယူနိုင်ရန် ရိုးမဘဏ်မှ ရှင်းလင်းသည့် အခမ်းအနားမြင်ကွင်း”

Photo-MSF


LEAVE A REPLY

Please enter your comment!
Please enter your name here