အင်ဒိုနီးရှားကလပ် PSM Makassar အသင်းနှင့် ယှဥ်ပြိုင်ရန် ရန်ကုန်ယူနိုက်တက်အသင်းထွက်ခွာ

0
647

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup 2023/24 ခြေစစ်ပွဲအဖြစ် အင်ဒိုနီးရှားကလပ် PSM Makassar အသင်းနှင့် ယှဥ်ပြိုင်ရန် ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက်က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် စင်္ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်သို့ ထွက်ခွာခဲ့ပြီး ထိုမှတဆင့် အင်ဒိုနီးရှားနိုင်ငံ၊ ဒန်ပါဆာလေဆိပ်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကာ တည်းခိုရာဟိုတယ်သို့ ည ၈ နာရီ ၅၀ ခန့်တွင်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အကြိုခြေစစ်ပွဲတွင် ဘရူနိုင်းကလပ် DPMM အသင်းကို အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းသည် AFC Cup 2023/24 ပြိုင်ပွဲ (ခြေစစ်ပွဲ) တွင် အင်ဒိုနီးရှားကလပ် PSM Makassar အသင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

“အသင်းကစားပုံနဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်။ လာမယ့် ဘာလီမှာကစားမယ့် PSM Makassar နဲ့ ပွဲမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်” ဟု ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီ ကပြောကြားထားသည်။

အဆိုပါပွဲစဉ်ကို ဩဂုတ်လ ၂၃ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ နာရီ မိနစ် (အင်ဒိုနီးရှားစံတော်ချိန် – ည ၇:၀၀ နာရီအချိန်)၊ Capt. I Wayan Dipta တွင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အနိုင်ရရှိသည့် အသင်းသည် AFC Cup 2023/24 ပြိုင်ပွဲ အုပ်စုအဆင့်သို့တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်ယှဉ်ပြိုင်ရမည့် PSM Makassar အသင်းသည် အင်ဒိုနီးရှားလိဂ် ပွဲစဉ် (၉) အပြီးတွင် အဆင့် (၁၂) နေရာ၌ ရပ်တည်နေသည့် အသင်းဖြစ်ကြောင်းသိရသည်။

Photo – YUFC


LEAVE A REPLY

Please enter your comment!
Please enter your name here