ဒေါ်လာဈေးဂယက်ကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်ကာ အခြေခံလူတန်းစားများအပေါ် ရိုက်ခတ်မှုများရှိနေ

0
441

လက်ရှိ မြန်မာ့ငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း မြင့်တက်မှု၏အရှိန်ဖြင့် အခြေခံ စားသောက် ကုန် ဈေးနှုန်းများပါ မြင့်တက်လာကာ  အခြေခံပြည်သူလူထုအပေါ် ရိုက်ခတ်မှုများရှိနေကြောင်း ပြည်သူများထံမှ သိရသည်။

ဒေါ်လာဈေး မြင့်တက်မှုကြောင့် သွင်းကုန်ဈေးနှုန်းများ၊ ဈေးကွက်အတွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များကဲ့သို့ ကုန်စည်များ ဈေးနှုန်းမြင့်တက်စေပြီး ကုန်ဈေးနှုန်းနှင့် ငွေကြေး ဖောင်းပွမှု၏ ဒဏ်ကို အခြေခံပြည်သူများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီးလာမှုသည် အခြေခံဝင်ငွေနည်းပါးသည့် လက်လုပ်လက်စားပြည်သူများ၏ စားဝတ်နေရေးအခြေအနေကို သိသိသာသာရိုက်ခတ်မှုရှိနေကြောင်း ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားများထံက စုံစမ်းသိရသည်။

ပြည်တွင်းမှ ထုတ်လုပ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြ က်သွန် ဖြူ/ နီ၊ အာလူးဈေးနှုန်းများ မြင့်တက်ခဲ့ပြီး  ပြည်ပမှ တင်သွင်းရသည့် ကုန်ပစ္စည်းဈေးနှုန်းများလည်း တ ရိပ်ရိပ်မြင့်လာမှုသည် အခြေခံပြည်သူလူထု၏ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်‌စေကြောင်းလည်း ရန်ကုန်မြို့နေ ပြည်သူတို့က ပြောသည်။

“အရင်က အာလူး (၄၀) သားကို တစ်ထောင်လား မသိဘူး။ အခု မရတော့ဘူး (၂၅) ကျပ်သားကို တစ်ထောင်၊ ကြက်ဥက အရင် တစ်ထောင်ဖိုး (၈)လုံးဆို အခု တစ်လုံး (၂၈၀) ဖြစ်နေပြီ။ ဈေးသွားရင် တစ်သောင်းတန် တစ်ရွက်က အကုန်ပဲ”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြော သည်။

နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့သဖြင့် ပြည်ပမှ တင်သွင်းနေရသည့် စက်သုံးဆီ၊ စားအုန်းဆီ ၊ သံနှင့် ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ ၊ ဆေးဝါးနှင့် အခြေခံလူသုံးကုန်ပစ္စည်းများလည်း  ဈေးနှုန်းများ မြင့်တက်လျှက် ရှိနေပြီး ယခု ဒေါ်လာငွေလဲနှုန်း တရိပ်ရိပ်မြင့်တက်ကာ ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် ပို့ကုန်/ သွင်းကုန်ကဏ္ဍတွင်လည်း ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်းလည်း  သုံးသပ်မှုများလည်း ရှိနေသည်။

“အခု ဒေါ်လာဈေးက ကဏ္ဍစုံမှာ သွားထိခိုက်နေတာ။ ကားဈေး၊ ရွှေဈေး၊ အိမ်ခြံမြေဈေး၊ စက်သုံးဆီ၊ စားဆီ၊ ဆန်ဈေး၊ ကဏ္ဍစုံမှာထိခိုက်နေတယ်။ ဒေါ်လာဈေးတက်တယ်။ ကျပ်ငွေတန်ဖိုးကျသွားတော့ အခြေခံ လူတန်းစားမှာ အဓိက ပြဿနာတက်တာ ပေါ့။ အရင်က ငါးသောင်းတန်တဲ့ ပစ္စည်းက အခု နှစ်ဆထက်သွားပြီ။  တစ်သိန်းမှ ရတော့မယ်။ ကျပ်ငွေတန်ဖိုးကျသွားတာ”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်လျက်ရှိရာ စီးပွားရေးလုပ်ငန်းကြီးများနှင့် လုပ်ငန်းရှင်များကို သက်ရောက်ခြင်းထက် အခြေခံ လူထုအပေါ် သက်ရောက်နိုင်ခြေမှာ ပိုမိုစိုးရိမ်စရာ ဖြစ်နေကြောင်း ပြည်သူတို့က ဆိုသည်။

ယင်းကဲ့သို့ ဒေါ်လာဈေးနှုန်း မြင့်တက်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်နေမှုကို ထိန်းချုပ်ရန် မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက  ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှု နောက်ပိုင်းတွင်း ဒေါ်လာတရားမဝင် ကိုင်ဆောင်ခြင်း မပြုရန်၊ အစိုးရက သတ်မှတ်ထားသည့်ဈေးနှုန်းများဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် ၊ တ ရားမဝင် ရောင်းဝယ်ဖောက်ကားနေသည့် ဈေးကစားသူများကို စိစစ်အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ အာဆီယံ ဒေသတွင်း နိုင်ငံများ၌  အခြေခံ လုပ်ခလစာ အနိမ့်ဆုံးဖြစ်သည့်အတွက် ဆင်းရဲချမ်းသာကွာဟမှုကြီးမားလျက်ရှိရာ အခြေခံလူထုကြားတွင် ဝင်ငွေ နှင့် ထွက်ငွေ မမျှသည့် ပြဿနာမှာ ကြီးမားသည့် စိန် ခေါ်မှုဖြစ်နေကြောင်း ပြည်သူတို့က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here