ရွှေတိဂုံစေတီ‌တော်အပါအဝင် နိုင်ငံအတွင်းထင်ရှားသည့် တန်ခိုးကြီးဘုရား ၉ ဆူကိုဦးစွာရွေးချယ်၍ Pagoda Digital Directory ပြုလုပ်သွားမည်

0
308

ရွှေတိဂုံစေတီတော်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အထင်ကရဘုရားများတွင် Pagoda Digital Directory ပြုလုပ်၍ အများပြည်သူသိရှိအောင်ပြသထားရှိရန်နှင့်ပတ်သက်၍ သာ သနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါ်နုမြဇံကပြောကြားခဲ့သည်။

သြဂုတ် ၂၁ ရက်နံနက် ၁၀ နာရီက အမျိုးသားပြတိုက်(နေပြည်တော်)၌ပြုလုပ်သည့် Digital Museum နှင့် Pagoda Digital Directory အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြတိုက်နှင့်စာကြည့်တိုက်များကို ခေတ်မီနည်းပညာများဖြင့် ပြည်သူလူထုကိုပြသရန်လိုအပ်ကာ Digital Museum ကို အကောင်အထည်ဖော်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အထင်ကရဘုရားများတွင်လည်း Pagoda Digital Directory ပြုလုပ်၍ အများပြည်သူသိရှိအောင် ပြသထားရမည်ဟု ပြောသည်။

ထို့ပြင် အမျိုးသားပြတိုက်(နေပြည်တော်)နှင့်အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ Digital နည်းပညာဆိုင်ရာဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်စုံအောင်အကောင်အထည်ဖော်ရမည်ဟု ပြောသည်။

“ပြတိုက်၊စာကြည့်တိုက်တွေအပြင် နိုင်ငံအတွင်းကထင်ရှားတဲ့ တန်ခိုးကြီးဘုရား ၉ ဆူကို ဦးစွာရွေးချယ်ပြီး ဘုရားဂေါပကအဖွဲ့တွေကို ဖိတ်ကြားပြီး အဲဒီ ဘုရားတွေအတွက် Pagoda Digital Directory ပြုလုပ်ဖို့ရှင်းလင်းပြသသွားမှာပါ”ဟု ဒု-ဝန်ကြီးဒေါ်မြနုဇံကပြောသည်။

ဘုရားများအတွက် Digital Directory ဆောင်ရွက်ရာတွင် ပါဝင်သင့်သည့်အချက်အလက်များနှင့်အညီ ရှင်းလင်းချက်စာသားများရေးသားရာတွင် မြန်မာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓသာသနာတော် ရေရှည်တည်တံ့ထွန်းကားပြန့်ပွားတိုးတက်စေရေး ဦးတည်ချက်ပေါ်လွင်ရေး ထည့်သွင်းရေးသားရန်လိုအပ်သည်ဟု မှာကြားသည်။

ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဆောင်ရွက်ထားသည့် Digital Museum လုပ်ငန်းများကိုပြသ၍ နမူနာထားရှင်းလင်းသွားမည်ဟု ပြောကြားခဲ့သည်။

Pagoda Digital Directory ပြုလုပ်ရန် ပထမအဆင့်အနေဖြင့် ရွှေတိဂုံ၊ရွှေဆံတော်(ပြည်)၊ရွှေမော်ဓောဘုရား(ပဲခူး)၊မြသလွန်ဘုရား(မကွေး)၊မဟာမြတ်မုနိဘုရား(မန္တလေး)၊ကျိုက်ထီးရိုးဘုရား၊ဥပ္ပါတသန္တိ၊အာနန္ဒာ၊ရွှေစည်းခုံနှင့်မြောက်ဦးမြို့မှ သျှစ်သောင်းပုထိုးတော်တို့ကို ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။

ရွှေတိဂုံ စေတီတော်မြတ်အားသင်္ကြန်အတက်နေ့ ညချမ်း၌ ဖူးမြင်ရပုံ
Photo – Aye Zaw Moe


LEAVE A REPLY

Please enter your comment!
Please enter your name here