ဖူကူရှီးမားရေဆိုးများကို ဩဂုတ် ၂၄ ရက် ကြာသပတေးနေ့တွင်စတင်စွန့်ထုတ်မည်ဟုဆို

0
150

တိုကျို၊ဩဂုတ် ၂၂

ဂျပန်သည်ရာသီဥတု အခြေအနေ နှင့်အဏ္ဏဝါရေပြင်အခြေအနေကောင်းမွန်ပါက လာမည့်ဩဂုတ် ၂၄ ရက်ကြာသပတေးနေ့တွင် ဖူကူရှီးမားစက်ရုံမှရေဆိုးများအား စတင်စွန့်ထုတ်မည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ကီရှီဒါအစိုးရက အင်္ဂါနေ့၌ အတည်ပြုပေးခဲ့သောယခုဆုံးဖြတ်ချက်အပေါ် စက်ရုံအနီးတစ်ဝိုက်ရှိဒေသခံများနှင့်အိမ်နီးချင်းပြည်ပနိုင်ငံများကကန့်ကွက်ဆန္ဒပြခဲ့သော်လည်း အတည်ပြုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံရှိဖူကူရှီးမားနျူဓာတ်အားပေးစက်ရုံသည် ၂၀၁၁ ခုနှစ်က ဆူနာမီဒဏ်ကိုအပြင်းအထန်ခံခဲ့ရပြီး စက်ရုံ၏အအေးပေးစနစ်အားထိခိုက်ခဲ့သဖြင့် အဆိုပါစက်ရုံမှရေများအား စည်ပေါင်းထောင်ချီဖြင့်သိမ်းဆည်းထားခဲ့ရာမှ ၂၀၂၄ ခုနှစ်အစောပိုင်းတွင်အများဆုံးထိန်းသိမ်းနိုင်မှုပမာဏသို့ရောက်ရှိမည်ဖြစ်‌သောကြောင့် စွန့်ထုတ်ရန်စီစဉ်ခြင်းဖြစ်သည်ဟုလည်းသိရသည်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီကမူ ဂျပန်က စွန့်ထုတ်မည့်ရေထဲတွင် လူများနှင့်ပတ်ဝန်းကျင်ကိုထိခိုက်နိုင်သည့်ရေဒီယိုသတ္တိကြွဓာတ်အနည်းငယ်သာပါဝင်ကြောင်းလည်း ဇူလိုင်လကထောက်ခံပြောကြားခဲ့သည်။

အိမ်နီးချင်းနိုင်ငံများအနက် တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်ကမူ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ၏အစီရင်ခံစာကို လေးစားကြောင်းပြောကြားခဲ့သဖြင့် ဝေဖန်မှုများမြင့်တက်ခဲ့သလို တရုတ်ကလည်း ယခုဆုံးဖြတ်ချက်အား ဆက်လက်ဝေဖန်ဆဲဖြစ်ကြောင်းသိရသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here