ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၆)ကျောင်းယာယီပိတ်

0
264

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများအတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း(၆) ကျောင်းအား သြဂုတ် ၁၈ ရက်မှစတင်ကာ ယာယီပိတ်ထားရကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်း(၆)ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများနှင့်ဆရာ၊ဆရာမများ မြစ်ရေဝင်ရောက်မှုကြောင့် အန္တရာယ်မဖြစ်စေရန် ယာယီပိတ်ထားရခြင်းဖြစ် ကြောင်း သိရသည်။

“ဒီနေ့နဲ့ဆိုရင် ၅ ရက်ရှိပြီ ကျောင်းပိတ်ထားတာက ကျောင်းတွေထဲဝင်နေတဲ့ ဧရာဝတီမြစ်ရေက ပြန်မကျသေးဘူး မြစ်ရေကျသွားရင်တော့ အမြန်ဆုံးပြန်ဖွင့်ပေးသွားမယ်လို့ ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးကပြောထားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သံကိုင်းကျေးရွာရှိ အ.မ.က ကျောင်း၊ သိမ်ကုန်းကျေးရွာရှိ အ.မ.က ကျောင်း၊ ဇီးကျွန်းကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်း၊ ကံလှကျေးရွာရှိ အ.မ.က ကျောင်း၊ ကျောင်းစုကျေးရွာရှိ အ.မ.က ကျောင်းနှင့် ကူကြီးကျေးရွာရှိ အ.မ.က ကျောင်းတို့အား ယာယီပိတ်ထားရသည်။

အဆိုပါ ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ စာသင်ချိန်သင်ခန်းစာနောက်မကျစေရေးအတွက် ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များကိုအစားထိုး၍ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here