ကျောင်းဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အိမ်ငှားစရိတ် ထောက်ပံ့ပေးနေခြင်းအား စဥ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်

0
309

နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးနေမှုများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

သြဂုတ် (၂၂) ရက်မွန်းလွဲ (၂) နာရီက နေပြည်တော်၌ ပြုလုပ်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အဓိကအနေဖြင့် ကျောင်းဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် အိမ်ဌားစရိတ်များကို နိုင်ငံတော်မှထောက်ပံ့ပေးလျက်ရှိသည်ဟု ပြောသည်။

“ဒီဟာတွေကိုတော့ စဥ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမှာပါ။ တခြားဝန်ကြီးဌာနတွေကလည်း ဝန်ကြီးဌာနအလိုက် ဝန်ထမ်းသက်သာချောင်ချိရေးတွေကို ဆောင်ရွက်ပေးနေပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမောင်မောင်ဝင်းမှလည်း နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများသက်သာချောင်ချိမှုအတွက် လစာမဟုတ်သည့် ချီးမြှင့်ငွေများကို ချီးမြှင့်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များ၏ ဝတ်စုံစရိတ်အား ၂၀၂၂ ခုနှစ်၊ဇွန်လမှစတင်ကာ တစ်ဦးလျင် တစ်နှစ်တစ်ကြိမ် ၃၀၀၀၀ ကျပ်နှုန်းခံစားခွင့်ပြုခဲ့ကြောင်း ပြောသည်။

ထို့အတူ အိမ်ဌားစရိတ်များထောက်ပံ့ပေးရာတွင်လည်း အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်း၊လူပျို/အပျိုဖြစ်ပါက မူရင်းလစာ၏ ၄ ရာခိုင်နှုန်းတို့ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှစတင်ကာ လစဥ်ချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။

“ပညာရေးဝန်ထမ်းတွေအတွက်ဆိုရင် အရင်ကမရှိခဲ့တဲ့ ဆရာ/ဆရာမတွေ အမြင့်ဆုံးရရှိခဲ့တဲ့ ဘွဲ့အလိုက်ချီးမြှင့်ငွေတွေကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကစပြီး ပါရဂူဘွဲဆိုရင် ၃ သောင်း၊ မဟာဘွဲ့ဆိုရင် ၂ သောင်းခွဲ၊ ဘွဲ့လွန်ဒီပလိုမာ ၁ သောင်း လစဥ်ခံစားခွင့်ပြုထားပါတယ်”ဟု ဒု-ဝန်ကြီးဦးမောင်မောင်ဝင်းက ပြောသည်။

ထို့ပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများ၏ လစာငွေများကိုလည်းတိုးမြှင့်ပေးထားကာ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခများ၊ဆရာ/ဆရာမများကိုလည်း သင်ကြားရေးချီးမြှင့်ငွေနှုန်းထားများကို တိုးမြှင့်ပေးထားကြောင်းလည်း ၎င်းကဆိုသည်။

ဝန်ထမ်းများ၏ ကျန်သည့် ကိစ္စရပ် တစ်ခုချင်းဆီကိုလည်း Special Allowance အနေဖြင့် အစိုးရအဖွဲ့ထံတင်ပြကာ အတည်ပြုချက်ဖြင့် ထောက်ပံ့ချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here