တွေ့ဆုံဆွေးနွေးရေး လုပ်လိုပါက အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ရန် လိုအပ်ကြောင်း နစက ပြော

0
285

တိုင်းပြည်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်လိုပါက အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း နစက ဘက်က ပြောကြားလိုက်သည်။

ယနေ့ ဩဂုတ်လ (၂၂) ရက် နေ့တွင် ပြုလုပ်သည့် နစက၏သတင်းစာရှင်းလင်းပွဲတွင် နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” နံပါတ် (၁) အနေနဲ့ အကြမ်းဖက်လို့ ကြေညာခံထားရသူတွေအနေနဲ့ ကမ္ဘာသိအောင် အကြမ်းဖက် လုပ်ရပ်တွေ နောက်မလုပ်တော့ပါဘူးလို့ ကြေညာဖို့ လိုပါမယ်။ နံပါတ် (၂) အနေနဲ့က အကြမ်းဖက်လုပ်ရပ်တွေကို ရှုံ့ချစွန့်ခွာပါမည်လို့ ကမ္ဘာသိအောင် ကြေညာဖို့ လိုပါမယ် ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ ပြောကြားချက်သည် လက်တလောတွင် နစက၏ စီမံအုပ်ချုပ်မှုကို ခုခံလှုပ်ရှားနေသည့် NUG ,CRPH နှင့် PDF တို့၏ လှုပ်ရှားဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရည်ညွှန်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည့် ထုံးစံမရှိကြောင်းလည်း ၎င်းက မှတ်ချက်ပြု ပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း တိုင်းပြည်အတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကြပ်အတည်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှ အဖြေရှာကြရန် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက လိုလားမှုများ ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်နှင့် ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှု အပြီးတွင်လည်း မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် မှ အဖြေရှာနိုင်ရေးကြိုးပမ်းသွားမည်ဟု ထုတ်ဖော် ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here