မြန်မာနိုင်ငံ၌ ပရိယတ္တိသာသနာ ကွယ်ပျောက်ရန်မရှိဟု ပါမောက္ခချုပ်ဆရာတော်မိန့်ကြား

0
260

မြန်မာနိုင်ငံ၌ စာသင်တိုက်ကြီးများရှိနေခြင်းနှင့်အခြားထိန်းသိမ်းဆောင်ရွက်နေမှုများကြောင့် ပရိယတ္တိသာသနာ ကွယ်ပျောက်ရန်မရှိဟု ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသကမိန့်ကြားတော်မူခဲ့သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်မှ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊အောင်ချမ်းသာကျေးရွာ ဓမ္မသဟာယသာသနစင်တာ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ ပဓာနနာယက၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသအားသွားရောက်ဖူးမြှော်စဥ် မိန့်ကြားတော်မူခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပိဋကတ် သုံးပုံ၊ ပါဠိတော် အုပ်ရေ ၄၀ ကိုကျောက်စာချပ်များပေါ် ကျောက်ထက် အက္ခရာတင်ထိန်းသိမ်းထားခြင်း၊ ပရိယတ္တိ သာသနာတော်၏ အဓိကအရင်းအမြစ်ဖြစ်သည့် ပရိယတ္တိစာပေများသင်ကြားမှု၊သင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိခြင်း၊ဓမ္မာစရိယစာမေးပွဲ၊တိပိဋကစာမေးပွဲများကျင်းပပေးလျက်ရှိခြင်း၊ပိဋကတ် သုံးပုံ၊ အုပ်ရေ ၄၀၊ စာမျက်နှာ ၁၅၀၀၀ ကျော်၊ အဋ္ဌကထာ ၅၂ အုပ်၊ ဋီကာ ၂၆ အုပ်တို့ကို စဉ်ဆက်မပြတ်သင်ကြားပို့ချသည့် စာသင်တိုက်ကြီးများရှိနေ၍ ပရိယတ္တိသာသနာ ကွယ်ပျောက်ရန်မရှိဟု မိန့်ကြားတော်မူခဲ့သည်။

ထို့ပြင် ပိဋကတ်စာပေများအား လေ့လာသင်ယူရုံသာမက ဗုဒ္ဓတရားတော်များသည် Applied Method ဖြင့် လိုက်နာကျင့်သုံးအသုံးချရန်လိုအပ်သည်ဟု မိန့်ကြားသည်။

မြန်မာနိုင်ငံရှိ ရဟန်းသံဃာတော်များသည် အဘိဓမ္မာနှင့်ပါဠိကျွမ်းကျင်၍ ပြည်ပရဟန်းတော်များက လေးစားကြည်ညိုကြကာ ပြည်ပရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို မပျောက်ပျက်ရန် ပြည်ပနိုင်ငံများ၏ အစဉ်အလာဥပဒေများကို နားလည်ထားပါက ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဟုလည်း မိန့်ကြားတော်မူခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်ဩဝါဒါစရိယ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာ(ပြင်ဦးလွင်)ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏ သီတင်းသုံးတော်မူနေသည့် ကျောင်းတိုက်သို့သွားရောက်၍ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဆရာတော်ကြီးထံမှဩ ဝါဒခံယူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here