ထိုင်းနိုင်ငံတွင် facebook ကို ပိတ်တော့မည်

0
376

ထိုင်းလူမျိုး ၂၀၀,၀၀၀ ကျော်ကို လိမ်လည်လှည့်ဖြားခဲ့သည်ဟု တိုင်ကြားထားသော page အတုများ၊ လိမ်လည်သော page များမှ ကြော်ငြာခများကို facebook ကုမ္ပဏီမှ လက်ခံယူနေဆဲဖြစ်သဖြင့်ကြောင့် ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံတွင်း facebook ဆိုရှယ်မီဒီယာဝန်ဆောင်မှုကို ပိတ်ပစ်ရန် တရားရုံးချုပ်ထံမှ အမိန့်တောင်းခံမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားတို့ လိမ်လည်ခံရသော ငွေကြေး ပမာဏစုစုပေါင်းမှာ ဘတ် ၁၀ ဘီလီယံအထိ ရှိနိုင်ကြောင်း ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Chaiwut Thanakamanusorn က ပြောသည်။

“ထိုင်းအာဏာပိုင်တွေက facebook မှာဖြစ်နေတဲ့ ပြဿနာတွေကို အကြိမ်ပေါင်းများစွာ ထုတ်ဖော်ခဲ့ပြီး သူ့ရဲ့ဝန်ဆောင်မှု ပလက်ဖောင်းပေါ်မှာရှိနေတဲ့ အတုအယောင်တွေကို စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ လိမ်လည်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကျွန်တော်တို့ကို ကူညီဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ facebook ဖက်က ပျက်ကွက်ခဲ့ပါတယ်” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် ထိုင်းနိုင်ငံတွင် facebook ဆိုရှယ်မီဒီယာ ပလက်ဖောင်းပိတ်ခွင့်ကို လာမည့် ခုနစ်ရက်အတွင်း တရားရုံးသို့ သွားရောက်တောင်းခံရန် ရည်ရွယ်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေး ကော်မရှင်၏ ယာယီအထွေထွေအတွင်းရေးမှူး Thawatchai Pittayasophon ၊ အီလက်ထရွန်းနစ်ငွေကြေးဝန်ဆောင်မှု ဖွံ့ဖြိုးရေး အေဂျင်စီ၏ အမှုဆောင်ဒါရိုက်တာ Chaichana Mitrpant နှင့် စိုင်ဘာပြစ်မှုများစုံစမ်းထောက်လှမ်းရေးဗျူရရိုမှ ဒုတိယရဲမင်းကြီး Pol Maj General Thaayut Chantworn တို့ တက်ရောက်ခဲ့ကြသည်။

“ထိုင်းမှာ facebook က စီးပွားရေး ဆက်လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီကိစ္စကို ပိုပြီးတာဝန်ယူရမယ်” ဟု Chaiwut က ပြောသည်။

ဝန်ကြီး၏ အဆိုအရ အချို့သော လိမ်လည်သူများသည် facebook အသိအမှတ်ပြု စာရင်းဝင်ကုမ္ပဏီများဖြစ်ကြပြီး လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေး ကော်မရှင်၏ အမှတ်တံဆိပ်လိုဂို ကိုပြသကာ facebook တွင် ကြော်ငြာများတင်၍ အမြတ်အစွန်းများသော ကတိများနှင့်အတူ ၎င်းတို့နှင့်အတူ လူအများကို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခဲ့သည်။

ထိုသို့သော ကြော်ငြာများကြောင့် ရင်းနှီးမြှုပ်နှံမိသူတို့သည် ယင်းတို့က ကတိပြုထားသော ငွေကြေးကို ဘယ်သောအခါကမှ မရခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here