Smoosh Sea C-22 ဆီတင်သင်္ဘော ပေါက်ကွဲမှုတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား (၇) ဦးအနက် မိသားစု လေးစုကို နစ်နာကြေးပေးအပ်

0
186

Smoosh Sea C-22 ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား (၇) ဦး အနက်အချက်အလက်ပြည့်စုံသည့် မိသားစု (၄) စု၏ မိခင် (၃) ဦးနှင့် ကလေး (၂) ဦးတို့အား ဩဂုတ်လ (၂၂) ရက်တွင် စမုစခွန်ခရိုင်၊လူမှုဖူလုံရေးရုံး၌ နစ်နာကြေး ပေးအပ်ခဲ့ကြောင်း အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၇) ရက်တွင် ထိုင်းနိုင်ငံ၊ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်အတွက် ရပ်နားထာသည့် Smoosh Sea C-22 ဆီတင်သင်္ဘောသည် နံနက် ၁၀ နာရီအချိန်ခန့်တွင် အလုပ်သမား (၃၀)ဦးခန့်ဖြင့် ဆီပိုက်လိုင်းများ ဂဟေဆော်သည့် လုပ်ငန်းများဆောင်ရွက်နေစဉ် ပိုက်လိုင်းအတွင်းရှိ ဆီလက်ကျန်များမှတဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမား (၇) ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေဆုံးခဲ့သည့် အလုပ်သမားများအတွက် ကျန်ရစ်သူမိသားစုများမှ ရသင့်ရထိုက်သည့် နစ်နာကြေးများရရှိရန် အလုပ်သမားသံအရာရှိရုံးနှင့် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများ ပူးပေါင်းကာ သေဆုံးသူများ၏ မိသားစုဝင်များအနက်မှ ထိုင်းနိုင်ငံရှိ မိသားစုဝင်များထံ ဆက်သွယ်၍ ဖေဖော်ဝါရီလ (၉) ရက်နှင့် မတ်လ (၂၇) ရက်တို့တွင် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံး၌လည်းကောင်း၊ မြန်မာနိုင်ငံ၌ ကျန်ရစ်သည့် မိသားစုဝင်များထံ ဆက်သွယ်၍ ဇွန်လ (၆) ရက်တွင် မဲဆောက်မြို့လူမှုဖူလုံရေးရုံး၌ လည်းကောင်း လိုအပ်သည့် စာရွက်စာတမ်းများ၊ စိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ အလုပ်သမား (၇) ဦး၏ ကျန်ရစ်သူမိသားစုများအနက် စာရွက်စာတမ်းနှင့် အချက်အလက်များ ပြည့်စုံသော မိသားစု (၄) စု၏ မိခင် (၃) ဦးနှင့် ကလေး (၂) ဦးတို့အား စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံး၌ နစ်နာကြေးငွေများကို ပူးတွဲပါအတိုင်း ပေးအပ်ခဲ့ပြီး အလုပ်သမားသံအရာရှိရုံးမှ မိသားစုဝင်များနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် နစ်နာကြေးရရှိရန် ကျန်ရှိနေသည့် မိသားစု (၃) စုအတွက်လည်း နစ်နာကြေးများ အမြန်ဆုံးရရှိနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here