အောက်တိုဘာတွင် မြို့နယ် (၂၀)အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀) ၌ ပဏာမအနေဖြင့် စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမည်

0
201

ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည်ဖြစ်သည့်အတွက် မြို့နယ် (၂၀) ရှိ စာရင်းကောက်ကွက် (၁၀၀) တွင် ပဏာမအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

သြဂုတ် (၂၂) ရက်မွန်းလွဲ (၂) နာရီက နေပြည်တော်၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မရှင်နာယက၊ နစက ဒု- ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်း အတွေ့အကြုံများအရ လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ကာ ကုန်ကျစရိတ် ကြီးမားသည့်အတွက် ကမ္ဘာ့နိုင်ငံအများစုတွင် (၁၀)နှစ် တစ်ကြိမ်သာ လူဦးရေသန်းခေါင်စာရင်းများကို ကောက်ယူလေ့ရှိကြသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းမဖြစ်မနေကောက်ယူရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“အထူးသဖြင့် စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ တိကျမှန်ကန်သော လူဦးရေနဲ့ လူမှုစီးပွားရေးအခြေအနေတွေကို အုပ်ချုပ်မှုဒေသအသေးငယ်ဆုံးအဆင့်ထိရရှိနိုင်အောင် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူသွားရပါမယ်” ဟု ဆိုသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရန်နှင့်စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ်သန်းခေါင် စာရင်းကို မြို့နယ် (၂၀)အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀)၌ ပဏာမ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here