ကိုဗစ်ကြောင့် ရပ်နားထားသည့် မကွေးမြသလွန်စေတီဗုဒ္ဓပူဇနိယ ပွဲတော်အား အောက်တိုဘာ (၂၄) ရက်မှစတင်ကာ ရက် (၂၀) ကြာကျင်းပမည်

0
470

ကိုဗစ် (၁၉) ရောဂါကြောင့် ရပ်နားထားသည့် မကွေးမြသလွန် စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား အောက်တိုဘာ (၂၄) ရက်မှ စတင်ကာ ရက် (၂၀) ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် (၁၉) ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြသလွန် စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၀) ရက်မှ သီတင်းကျွတ် လပြည့်ကျော် (၁၄) ရက်ထိ(အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာ (၁၂) ရက်အထိ)ရက်(၂၀)ကြာကျင်းပသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထိုသို့ ကျင်းပရာ၌ ယခင်နှစ်များနည်းတူ သံဃာတော်များ ပင့်ဖိတ်၍ ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အသံမစဲမဟာပဋ္ဌာန်း ကျမ်းတော်မြတ်ရွက်ဖတ်ပူဇော်ခြင်းနှင့်ဆီမီး (၉၀၀၀)ထွန်းညှိပူဇော်ပွဲများပြုလုပ်သွားမည်ဖြစ်ပြီး ဈေးရောင်းချလိုသူများသည် စက်တင်ဘာ (၁၀) ရက်နောက်ဆုံးထား၍ မြသလွန်စေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လဆန်းပိုင်းမှသီတင်းကျွတ်လပြည်ကျော်အထိ ဒေသစုံမှလာရောက်သည့် ဈေးရောင်း၊ ဈေးဝယ်များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများနှင့်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ထိုသို့ ကျင်းပခဲ့ခြင်းအား ၂၀၁၉ ခုနှစ်ထိကျင်းပခဲ့ပြီး ကိုဗစ်(၁၉)ရောဂါကြောင့် ပွဲတော်ကျင်းပမှုအားရပ်နားထားကာ ယခုနှစ်တွင်မှပြန်လည်ကျင်းပရန် တာဝန်ရှိသူများက စီစဥ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here