ပင်စင်ထုတ်ရာမှပျောက်ဆုံးနေသည့် သတိမေ့တတ်သောအဘွားအား ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့

0
643

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်တွင်နေထိုင်ကာ သြဂုတ် ၂၂ ရက်နံနက်ပိုင်းက ပင်စင်လာထုတ်စဥ်ပျောက်ဆုံးသွားသည့် အသက်(၇၅) နှစ်ရှိ အဘွားဒေါ်မော်လီသိန်းအား ယင်းနေ့ည၌ပင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊(၁၂၄)ရပ်ကွက်တွင်ပြန်လည်တွေ့ရှိခဲ့ရကြောင်း လိုက်ပါကူညီပေးခဲ့သူများထံမှ သိရသည်။

အဘွားဒေါ်မော်လီသိန်းသည် သြဂုတ် ၂၂ ရက်နံနက်ပိုင်းက အမျိုးသားဖြစ်သူအဘိုးနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ရန် ခရီးသည်တင် YBS ကားဖြင့်လာရောက်စဥ် ဆင်းရမည့်မှတ်တိုင်အရောက် ၎င်း၏ အမျိုးသားဖြစ်သူမှဆင်းသွားခဲ့သော်လည်း အဘွားမှာဆင်းလာခြင်းမရှိဘဲ ကားပေါ်တွင်ပါသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အဘွားက သတိမေ့တတ်တယ် အဲဒီနေ့ကလည်း မှတ်တိုင်ရောက်တော့ အဘွားလိုက်ဆင်းလာတယ်ထင်ပြီးအဘိုးကအရင်ဆင်းသွားတာပေါ့ အဘွားကဆင်းမလာဘဲ ကားပေါ်ဆက်ပါသွားတာ သိသိချင်း မိသားစုက မြောက်ဥက္ကလာပထဲမှာလိုက်ရှာပေမယ့် မတွေ့တဲ့အတွက် ဇဗ္ဗူဒီပါလူမှုကူညီကယ်ဆယ်ရေးအသင်းကို အကူညီတောင်းခဲ့တယ် လူမှုကွန်ယက်မှာလည်း Post တင်ပြီး လူပျောက်ကြော်ငြာခဲ့တယ်”ဟု လိုက်ပါကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ထို့နောက် ပျောက်ဆုံးနေသည့် အဘွားအားထပ်မံ၍လိုက်လံရှာဖွေစဥ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်အခြေစိုက် သံသရာခရီးသည်နာရေးကူညီမှုအသင်းမှ ပျောက်ဆုံးနေသည့် အဘွားအားတွေ့ရှိထားကြောင်း ၎င်း၏မိသားစုဝင်များထံ ဓာတ်ပုံပြသဆက်သွယ်ခဲ့သဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ကြကြောင်း သိရသည်။

“အဘွားက မိုးရေတွေစိုရွှဲပြီး ဒဂုံအရှေ့ပိုင်း၊ (၁၂၄)ရပ်ကွက်က မင်းရဲကျော်စွာလမ်းပေါ်မှာ လမ်းပျောက်နေတာကို အဲဒီနေ့ညနေပိုင်းမှာ ဘေးတွဲဆိုင်ကယ်မောင်းတဲ့လူတစ်ယောက်ကတွေ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသွားပို့ပေးခဲ့တဲ့အတွက် ပြန်တွေ့ခဲ့တာပါ အဘွားက သူ့မိသားစုဝင်တွေကိုမှတ်မိပါတယ်”ဟု လိုက်ပါကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် ပြန်လည်တွေ့ရှိခဲ့ရသည့် အဘွားဒေါ်မော်လီသိန်းအား မိသားစုဝင်များနှင့်အတူ သွား ရောက်ခေါ်ဆောင်ရာ သံသရာခရီးသည်နာရေးကူညီမှုအသင်းမှ မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သံသရာခရီးသည်နာရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here