ဩဂုတ် ၂၅ ရက်မှစတင်ပြီး ဆန်ကြမ်းတစ်ပြည် ၂၅၀၀ ကျပ်ဖြင့် ရောင်းပေးမည်

0
105

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့တွင် ဆန်လက်လီအရောင်းဆိုင်များ၌ ဩဂုတ် ၂၅ ရက်မှစတင်ပြီး ဆန်ကြမ်းတစ်ပြည် ငွေကျပ် ၂၅၀၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်မှ ဥက္ကဌ ဦးနေလင်းက ပေါ်ပြူလာနယူးသို့ပြောသည်။

ထို့ပြင် ဝယ်ယူသူများအနေဖြင့် ရောင်းချပေးမည့် ဆန်လက်လီအရောင်းဆိုင်များတွင် လိုအပ်သလိုဝယ်ယူနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘယ်လောက်ပမာဏအထိ ရောင်းပေးမယ်ဆိုတာတော့ ပြောလို့မရသေးဘူး။ အခုမှစရောင်းမှာဆိုတော့။ လိုအပ်သလောက်ဝယ်ယူနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန်တွေကို ဆန်လက်လီရောင်းချသည့် ဆိုင်ပေါင်း ၅၀ နီးပါးလောက်တွင် ရောင်းချပေးမည်ဖြစ်ပြီး တကယ် လိုအပ်နေသည့် နေရာများကို ဦးစားပေး ရောင်းချပေးသွားမည်ဖြစ်ကာ စက်တင်ဘာလအကုန်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် သက်သာသောဈေးနှုန်းဖြင့် ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင်ဩဂုတ် ၇ ရက်မှစတင်ရောင်းချပေးနေပြီး အောက်တိုဘာလဆန်းပိုင်းအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here