ပြည်တွင်းရွှေဈေးနှင့်ငွေလဲလှယ်နှုန်းပြန်လည်မြင့်တက်လာ

0
340

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကျဘက်သို့ ပြန်လည်ရောက်ရှိနေခဲ့သည့် ပြည်တွင်း ရွှေဈေးနှင့် နိုင်ငံခြားငွေ ငွေလဲဈေးနှုန်းများ ယနေ့ ပြန်လည်မြင့်တက်လာကြောင်း ပြင်ပဈေးကွက်အတွင်းမှ သိရသည်။

ယမန်နေ့တွင် တစ်ကျပ်သားလျှင် ၃,၇၉၀,၀၀၀ ဝန်းကျင်ရှိခဲ့သည့် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းမှာ ယနေ့တွင် ၃,၈၄၀,၀၀၀ အထိမြင့်တက်လာပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း ၃၇၀၀ နီးပါးအထိ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ယနေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA) ၏ အကယ်ဒမီအခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ၂၂၆၀၈၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၉ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၁) ရက်တွင် ဗဟိုဘဏ်က ဈေးကစားသူများကို စုံစမ်းစစ်ဆေးရန် အထူးအဖွဲ့ ဖွဲ့မည့် အစီအစဉ်အပါအဝင် ပြည်ပထွက်ခွာမည့်သူများကို လေဆိပ် ငွေလဲကောင်တာများ၌ ဒေါ်လာငွေ ရောင်းချပေးမည့် ကြေညာချက်များကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းနှင့် ရွှေဈေးမှာ သိသိသာသာ ကျဆင်းခဲ့ရာမှ ယနေ့ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက ပြည်တွင်းရှိ နိုင်ငံခြားငွေ ဈေးကွက်တွင် တစ်ဒေါ်လာ ၄၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့သလို ရွှေဈေးနှုန်းမှာလည်း အခေါက် ရွှေတစ်ကျပ်သား သိန်း (၄၀) ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

အစိုးရက ငွေဈေးနှင့် ရွှေဈေး တည်ငြိမ်အောင် ထိန်းချုပ်ရန် ကြိုးစားလျှက်ရှိနေပြီး မသမာသည့်နည်းလမ်းဖြင့် ဈေးကစားသူများကို အရေးယူမည်ဟုလည်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here