ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်လိုသည့် မြန်မာနိုင်ငံ၏ ရည်မှန်းချက်ကို ထိုင်းနိုင်ငံမှခိုင်မာစွာထောက်ခံအားပေးသွားမည်

0
160

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အေးချမ်းသာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်လိုသည့်ရည်မှန်းချက်ကို ခိုင်မာစွာထောက်ခံအားပေးသွားမည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)က နစက ဥက္ကဋ္ဌထံပေးပို့သည့် သဝဏ်လွှာ၌ ရေးသားထားသည်။

ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)မှ သြဂုတ် ၂၄ ရက်ကကျရောက်သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ်အဖြစ် နစက ဥက္ကဋ္ဌထံ သဝဏ်လွှာပေးပို့ခဲ့သည်။

ယခုနှစ်သည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့ကြား သံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အခါသမယဖြစ်ကာ လွန်ခဲ့သည့် (၇၅)နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးပြီး နီးကပ်မှုရှိသည့်ဆက်ဆံရေးကို တည်ဆောက်ခံစားလျက်ရှိသည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

တူညီသောယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းများကို အခြေခံသည့် မိမိတို့ပြည်သူများကြား အားကောင်းသောထိတွေ့ဆက်ဆံမှုများမှတဆင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ခိုင်မာသည့်အုတ်မြစ်တစ်ရပ်ဖြစ်စေခဲ့သည်ဟုလည်း ရေးသားထားသည်။

ထို့ပြင် ရှည်လျားသည့်နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံနှင့်မဟာဗျူဟာမြောက်မိတ်ဖက်များဖြစ်ရာ မိမိတို့နှစ်နိုင်ငံသည် ဘုံစိန်ခေါ်မှုများကို ဖြေရှင်းရန်အတူတကွလက်တွဲလုပ်ဆောင်ခဲ့ကြပြီး အပြန်အလှန်အကျိုးစီးပွားအတွက် ကျယ်ပြန့်သည့်နယ်ပယ်ပေါင်းစုံတွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု သဝဏ်လွှာ၌ရေးသားထားသည်။

စစ်မှန်သည့် အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် အေးချမ်းသာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်လိုသည့် မြန်မာနိုင်ငံ၏ရည်မှန်းချက်ကို ထိုင်းနိုင်ငံအနေဖြင့် ခိုင်မာစွာထောက်ခံအားပေးသွားမည်ဟုလည်း သဝဏ်လွှာတွင်ရေးသားပြောဆိုခဲ့သည်။

နှစ်နိုင်ငံနှင့်ပြည်သူများ၏ အပြန်
အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်လုပ်ဆောင်မည့် မိမိတို့၏ကတိကဝတ်မှာလည်း
မယိမ်းမယိုင်ဘဲ တည်ရှိနေမည်ဖြစ်ကာ မိမိတို့ကြား တည်တံ့ခိုင်မြဲသည့် မိတ်ဖက်ဆက်ဆံရေးမှာလည်း ဆက်လက်ရှင်သန်တိုးတက်လျက် မိမိတို့နှစ်နိုင်ငံ၏အပြန်အလှန်ငြိမ်း ချမ်းမှု၊သာယာဝပြောမှုနှင့်တိုးတက်မှုများကို ရှေ့ဆက်ဖော်ဆောင်သွားနိုင်ရန် လမ်းပြပေးသွားနိုင်မည်ဟု မိမိအနေဖြင့် ခိုင်မာစွာယုံကြည်ထားသည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)က နစက ဥက္ကဋ္ဌထံပေးပို့သည့် သဝဏ်လွှာ၌ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here