မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီးသီးခြားဆွေးနွေးနိုင်ဟု ဒု-ဗိုလ်ချုပ်ကြီးရာပြည့် တုံ့ပြန်ပြောဆို

0
322

မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီးသီးခြားဆွေးနွေးနိုင်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က တုံ့ပြန်ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၊လာဘွန်ဘာဂျိုးမြို့တွင် သြဂုတ် ၂၂ ရက်ကျင်းပခဲ့သည့် ဂျပန်နိုင်ငံနှင့် 8th AMMTC + Japan Consultation အစည်းအဝေးတွင် ဂျပန်နိုင်ငံ AMMTC ခေါင်းဆောင်မှ မြန်မာနိုင်ငံပြည်တွင်းရေးနှင့်ပတ်သက်သည့် အခြေအနေများကိုဝေဖန်ပြောဆိုခဲ့မှုအား ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းဖြင့် ဒေသတွင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဟု ပြောသည်။

ယနေ့အစည်းအဝေးသည် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်သည့် ဆွေးနွေးမှုနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုသာဆွေးနွေးရန်ဖြစ်သည်ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေးမျှသာဖြစ်ပြီး ဒေသတွင်းအရေးကိစ္စမဟုတ်၍ ယခုလိုဒေသတွင်းအစည်းအဝေးများတွင် ဆွေးနွေးမည်မဟုတ်ဟုလည်း တုံ့ပြန်ပြောဆိုခဲ့သည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်သည်ဟု ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here