ရန်ကုန်မြစ်ရေ အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ ကျော် မြင့်တက်ရန်ရှိဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သတိပေး

0
381

ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၀) ကျော်အထိ ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်ဖွယ်ရှိမည့်ကာလမှာ လာမည့် ဩဂုတ် (၃၀) ရက်မှ စက်တင်ဘာ (၅) ရက်အတွင်းဖြစ်ကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြစ်၏ ဒီရေအမြင့်ဟာ အခြေခံရေစစ်မျဉ်းအထက် အမြင့် ပေ (၂၀) ကျော်လွန်သည့်အခါ မြစ်ကမ်းနားဒေသအနီး နေထိုင်ကြသည့် လုပ်သားပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ သတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်းလည်း ရန်ကုန်မြစ်၏ အခြေခံ ရေစစ်မျဉ်းအထက် အမြင့် (၂၂) ပေအထိ မြင့်တက်ခဲ့ဖူးပြီး ယခု ဒီရေမြင့်တက်မည့် အခြေအနေနှင့် ပတ်သက်၍လည်း ပြည်သူများအနေဖြင့် စိုးရိမ်မှု လွန်ကဲရန်မလိုကြောင်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က အသိပေးထားသည်။

ထို့ပြင် ရန်ကုန်မြစ်ကိုဖြတ်၍ ဒလမြို့နယ်မှတစ်ဆင့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ အထွေထွေလုပ်သားများနှင့် ပြည်သူများသည် ကူးတို့သမ္ဗန်ဆိပ်ကမ်းများဖြစ်သည့် သမ္မတကမ်းခြေ၊ ဈေးဆိပ်၊ ကမာအောင်၊ တံလျှပ်၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင်၊ ကျောင်းစုနှင့် ကျောင်းစု(ခွဲ) (လက်ခပ်မှ စက်တပ်) ကူးတို့ဆိပ်တို့မှ ရန်ကုန်ဘက်ခြမ်းရှိ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ စဉ့်အိုးတန်း၊ မော်တင်လမ်းသစ်၊ မော်တင်(ကိုင်းတန်းအမှတ်-၂)၊ ဆိပ်ကြီးခနောင်တို ကူးတို့ဆိပ်တို့သို့ စက်တပ်သမ္ဗန်များစွာဖြင့် ခရီးသည် နေ့စဉ်ပုံမှန် သွားလာနေကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here