တရုတ် – မြန်မာနယ်စပ်ရှိ အွန်လိုင်းလောင်းကစားများနှင့် မူးယစ်ဂိုဏ်များအား တားဆီးနှိမ်နှင်းရေး ထပ်မံဆွေးနွေး

0
298

တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်း လောင်းကစားများ ၊ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုဆေးဝါးများ နှိမ်နှင်းရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(၁၇) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန်အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Datong တို သီးခြားတွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာ MoU အရ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပရေးတိုကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုအပြင် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသော Online လိမ်ညာမှု မှုခင်းများတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအန္တရာယ်ကာကွယ်တားဆီးနှိမ်နင်းနိုင်ရေးတို့တွင် သတင်းအချက်အလက်ဖလှယ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံနယ်စပ်မှ အွန်လိုင်း လောင်းကစားများ ၊ မူးယစ်ဂိုဏ်များ ဖမ်းဆီးနှိမ်နှင်းရေးနှင့် ပတ်သက်၍ တရုတ် အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း၏ ပြီးခဲ့သည့် လပိုင်းအတွင်းက မြန်မာနိုင်ငံခရီးစဉ်တွင်လည်း နစက ဥက္ကဋ္ဌ အပါအဝင် မြန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း နစက ဘက်က သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Datong တို့သည် ဩဂုတ်လ (၂၂) ရက် နံနက်ပိုင်းက ကျင်းပသည့် တရုတ်နိုင်ငံနှင့် 10th AMMTC + China Consultation အစည်းအဝေးတွင် ပူးတွဲ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ယင်းအစည်းအဝေးတွင်လည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အကြမ်းဖက်သမားများနှင့် ရာဇဝတ်ဂိုဏ်းများသည် Globalization ကြောင့် ဖြစ်ပေါ်လာသည့် နည်းပညာအခွင့်အလမ်းများကို အသုံးချကျူးလွန်လျက်ရှိပြီး ထိရောက်စွာ တိုက်ဖျက်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အကောင်အထည်ဖော်မှုများ လို အပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here