ဓာတ်တိုင်အားကားဝင်တိုက်၍ မြို့နယ် ၆ ခု၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိ

0
426

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊လေးထောင့်ကန်လမ်းပေါ်ရှိ လျှပ်စစ် ဓာတ်တိုင်အား သြဂုတ် ၂၅ ရက်ညပိုင်းက ကားတစ်စီးမှဝင်တိုက်ခဲ့သဖြင့် မြို့နယ် ၆ ခု၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ည ၁၁ နာရီခွဲကျော်ခန့်က လေးထောင့်ကန်လမ်းပေါ်ရှိ 66kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်း၏ လျှပ်စစ်ဓာတ်တိုင်တစ်တိုင်အား ကားတစ်စီးမှအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသဖြင့် လျှပ်စစ်ဓာတ်တိုင် ၃ တိုင်ကျိုးကာ ၃ တိုင်ယိုင်နဲ့သွားခဲ့ကြောင်း သိရသည်။

“လေးထောင့်ကန်လမ်း ILBC နားမှာဖြစ်သွားတာပါ ကားဝင်တိုက်ပြီး ဓာတ်တိုင်တွေလဲကျသွားတယ် ဓာတ်ကြိုးတွေလည်းပြတ်ကျနေတယ် လူမှုကူညီရေးအသင်းတွေနဲ့တာဝန်ရှိတဲ့ဌာနတွေကလူတွေလာပြီး ကူညီပေးနေကြတာတွေ့တယ် ကျွန်တော်လည်းအသံကြားတာနဲ့ထွက်ကြည့်လို့သိရတာ”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် 66kV တာမွေဈေး(GIS)ခွဲရုံ၊ 66kV ကျိုက္ကဆံခွဲရုံ၊ 33kV နတ်ချောင်းခွဲရုံ၊ 33kV ရာမကွင်းခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားသည့် တာမွေ၊မင်္ဂလာတောင်ညွန့်၊ဗဟန်း၊တောင်ဥက္ကလာရန်ကင်း၊သာကေတမြို့နယ်များ၏ ရပ်ကွက်နှင့် နေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်
လျှက်ရှိပါကြောင်း YESC ကအသိပေးထားသည်။

ထို့ပြင် လဲကျသွားခဲ့သည့် လျှပ်စစ်ဓာတ်တိုင်များနှင့်ယိုင်နဲ့သွားခဲ့သည့် လျှပ်စစ်ဓာတ်တိုင်များအား ပြန်လည်ပြင်ဆင်ရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here