တရုတ်နှင့်ရုရှားသည် ကုလသမဂ္ဂ၌ မြောက်ကိုရီးယားကိုကာကွယ်ပေးနေသည်ဟုအမေရိက ပြောကြား

0
168

ကုလသမဂ္ဂ၊ဩဂုတ် ၂၆

မြောက်ကိုရီးယား၏ဒုံးကျည်စမ်းသပ်မှုများနှင့် ကြာသပတေးနေ့ကပြုလုပ်ခဲ့ပြီးမအောင်မြင်ခဲ့သော ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ခြင်းများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တညီတညွတ်တည်းစုပေါင်းတုံ့ပြန်မှုအား တရုတ်နှင့်ရုရှားက ပိတ်ဆို့တားဆီးထားသည်ဟု ဩဂုတ်လ ၂၅ ရက်နေ့တွင် အမေရိက ကပြောကြားခဲ့သည်။

အရေးပေါ် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ပေကျင်းနှင့်မော်စကိုမှလွဲ၍ ကျန် ၁၃ နိုင်ငံကပဲ့ထိန်းဒုံးကျည်နည်းပညာအသုံးပြုထားသည့် ပြုံယမ်း၏ဒုတိယအကြိမ် ထောက်လှမ်းရေးဂြိုလ်တုစမ်းသပ်မှုကိုရှုံ့ချခဲ့ကြသည်။

“ဒါက ကျွန်မတို့ကို စည်းလုံးညီညွတ်စေသင့်တဲ့ကိစ္စဆိုပေမယ့် ၂၀၂၂ ခုနှစ်အစကတည်းက တရုတ်နဲ့ ရုရှားတို့ရဲ့အဟန့်အတားတွေကြောင့် ကောင်စီအနေနဲ့ ကတိကဝတ်တွေကိုလိုက်နာဖို့ပျက်ကွက်ခဲ့ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားရဲ့နျူခြိမ်းခြောက်မှုဟာ တစ်စတစ်စကြီးမားလာနေပေမဲ့ ရုရှားနဲ့တရုတ်တို့ကတော့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိန်းသိမ်းဖို့ သူတို့ရဲ့တာဝန်ဝတ္တရားအတိုင်း မလုပ်ဆောင်ကြပါဘူး” ဟုလည်း၎င်းကဆိုခဲ့သည်။

သောမတ်စ်ဂရင်းဖီးလ်သည် ပြီးခဲ့သည့်လက မြောက်ကိုရီးယားစစ်ရေးပြအခမ်းအနား၌ ရုရှားနှင့်တရုတ်အရာရှိများ ရှိနေခြင်းကိုလည်းရှုံ့ချခဲ့ကာ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များကိုချိုးဖောက်ပြီး ကောင်စီ၏အရေးယူဆောင်ရွက်မှုတွေကိုပိတ်ပင်‌နေသည်ဟုလည်းပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် မေလတွင်လည်း တရုတ်နှင့်ရုရှားတို့က ပြုံယမ်းအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်သည့်ဆုံးဖြတ်ချက်ကို ဗီတိုအာဏာဖြင့်ပယ်ချခဲ့သေးသည်။

တရုတ်နှင့်ရုရှားကိုယ်စားလှယ်များကမူ မြောက်ကိုရီးယား၏ရန်လိုသော ရပ်တည်ချက်အတွက် ဝါရှင်တန်ကိုသာအပြစ်တင်ရမည်ဖြစ်ပြီး တောင်ကိုရီးယားနှင့်အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုများကြောင့်သာဖြစ်သည်ဟုထောက်ပြခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here