မုတ်သုံလေအားကောင်းနေ၍ တိုင်းနှင့်ပြည်နယ်အနှံ့တွင် မိုးရွာသွန်းမှုများဖြစ်ပေါ်မည်

0
241

ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေအား ကောင်းနေ၍ မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အနှံ့တွင် သြဂုတ် ၂၇ ရက်(မနက်ဖြန်)နံနက်ပိုင်းအထိ မိုးရွာသွန်းမှုများဖြစ်ပေါ်မည်ဟု မိုးဇလက သြဂုတ် ၂၆ ရက်(ယနေ့)ညနေ ၄ နာရီက အသိပေးခဲ့သည်။

စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမိုးရွာသွန်းနိုင်ကာ မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့တွင် နေရာကျဲကျဲရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ကာ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်း၊နေပြည်တော်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကချင် ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မူ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျင် (၃၅)မိုင်အထိတိုက်ခတ်နိုင်သည့် မိုးသက်လေပြင်းကျ၍ အမြင့်(၈)ပေမှ(၁၀)ပေခန့် မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အမြင့်(၅)ပေမှ(၇)ပေခန့်အထိ လှိုင်းများဖြစ်ပေါ်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

ထူးခြားသည့်အခြေအနေအဖြစ် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “စအိုလာ”သည် တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျက်ရှိသည်ဟုလည်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here