ဆီဘောက်ဆာနှင့် တွဲကားတိုက်မိပြီး ဆီဘောက်ဆာတိမ်းမှောက်ကာ (၃) ဦးဒဏ်ရာရ

0
325

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန် – မန္တလေးသွားကားလမ်းဟောင်းတွင် သြဂုတ် (၂၆) ရက် ညပိုင်းက ဆီဘောက်ဆာကားနှင့် တွဲကား တိုက်မိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၈) နာရီကျော်ခန့်က ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန် – မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၉၀/၇ အနီးတွင်တွင် ရန်ကုန်သီလဝါ ဆိပ်ကမ်းမှ မန္တလေးသို့ ထွက်ခွာလာသည့် ဂါလံ(၈၀၀၀)ဆံ့ ဆီဘောက်ဆာကားနှင့်မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် တွဲကားတို့ တိုက်မိကာ ဆီဘောက်ဆာကား တိမ်းမှောက်ပြီး ဆီများယိုစိမ့်ခဲ့ကြောင်း သိရသည်။

ဆီယိုစိမ့်မှုကြောင့် မီးလောင်မှုမဖြစ်ပွားစေရန် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်း၊ ရမည်းသင်းခရိုင်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက အအေးပေးခြင်းနှင့် ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ဆီဘောက်ဆာ ကားမောင်းတဲ့လူက စိုးရိမ်ရ ဒဏ်ရာတွေရထားတယ်။ နောက်ပြီး စပယ်ယာကောင်လေးကတော့ မစိုးရိမ်ရဘူး။ တွဲကားပေါ်မှာ လိုက်လာတဲ့ အမျိုးသမီး (၁) ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာတွေရတယ်။ လူနာ (၃) ယောက်ရှိခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ (၃) ဦးအား ပျော်ဘွယ်မြို့နယ် ကြက်ခြေနီအသင်းနှင့် အလင်းရောင်လူမှုကူညီရေးအသင်းတို့မှ မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here