နွားထိုးကြီးမြို့နယ်တွင်ကျည်ဒဏ်ရာများဖြင့် အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
284

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး – မလှိုင်သွား ကားလမ်းဘေးတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား (၂) ဦး၏ ရုပ်အလောင်းများအား သြဂုတ် (၂၆) ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ (၃) နာရီခန့်က နွားထိုးကြီးမြို့နယ်ရှိ နွားထိုးကြီး- မလှိုင်သွားကားလမ်း၏ အောင်သာကျေးရွာနှင့်အောင်ပန်းကုန်းကျေးရွာကြား လမ်းဘေးတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား (၂) ဦး ၏ ရုပ်အလောင်းများတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်နေရာ၌ အောင်ပန်းကုန်းကျေးရွာနေသူများဖြစ်သည့် ဝေလင်းဦး(၂၀)နှစ်နှင့် ခန့်ကိုကိုအောင် (၂၅)နှစ်တို့သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးနေခြင်းဖြစ်ပြီး အခင်းဖြစ်နေရာအနီးမှ ၇.၅၆ × ၃၉ AK ကျည်ခွံ (၁၃) ခုအားသိမ်းဆည်းရမိခဲ့သည်။

“စုံစမ်းသိရသလောက်ဆိုရင် သူတို့ (၂) ယောက်က နွားထိုးကြီးမြို့ပေါ်ကနေ စျေးဝယ်ပြီး ပြန်လာတဲ့အချိန် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာပါ။ သူတို့ (၂) ယောက်က ကိုရီးယားဘာသာစကား သင်တန်းတက်နေတယ်လို့ သိရတယ်။ ဖြစ်စဥ်ကိုအသေးစိတ်စုံစမ်းစစ်ဆေးနေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here