ကိုဗစ်(၁၉) ရောဂါကြောင့် ကျဆင်းခဲ့ရသည့် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့စေရန် စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

0
220

ကိုဗစ် (၁၉) ရောဂါကြောင့် ထိခိုက်ခဲ့သော နိုင်ငံ၏ လူမှုစီးပွားရေးကို ပြန်လည်ကုစားနိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်တစ်ရပ် ဖြစ်ပေါ်စေရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်းက ပြောသည်။

ဩဂုတ် (၂၅) ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ Hotel St. Regis ၌ ကျင်းပသည့် အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါကာလအတွင်း ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည်လည်း အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း ကိုဗစ်(၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကဏ္ဍပေါင်းစုံနှင့်စနစ်တကျပူးပေါင်းဆောင်ရွက်ခဲ့၍ ကပ်ရောဂါအားအောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် (၁၉) ရောဂါကြောင့် ထိခိုက်ခဲ့သော နိုင်ငံ၏ လူမှုစီးပွားရေး ပြန်လည်ကုစားနိုင်ရန်နှင့်ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရန်နှင့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးကို စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောသည်။

ကိုဗစ် (၁၉) ရောဂါနှင့် ပတ်သက်၍လည်း ၂၀၂၁ ခုနှစ်မှစတင်၍ ရောဂါပိုးများ၏ မျိုးရိုးဗီဇစောင့်ကြည့်ခြင်းစနစ်ကို အားကောင်းစေရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပြည်တွင်း၌ မျိုးရိုးဗီဇပြောင်းလဲမှု အသစ်များကို ရှာဖွေစမ်းသပ်စစ်ဆေး အတည်ပြုနိုင်ပြီဖြစ်သည်ဟုလည်း ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်(၁၉)ရောဂါကာလအတွင်း ကတိကဝတ်ပြုထားသည့် အကူအညီအထောက်အပံ့များကို အနည်းငယ်သာရရှိခဲ့ပြီး အာဆီယံအဖွဲ့ကြီးအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ၏ ကူညီပံ့ပိုးမှုများအား အဖွဲ့ဝင်နိုင်ငံများအပေါ် ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှ ရရှိရေး ASEAN Equality, ASEAN Centrality နှင့်အညီသာ ဆောင်ရွက်သင့်ကြောင်းလည်း ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင် နေထိုင်သော ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်နိုင်ရေး၊ တုံ့ပြန်နိုင်စွမ်းအားကောင်းမွန်ပြီး ရေရှည်တည်တံ့၍ အားလုံးပါဝင်နိုင်သည့် ကျန်းမာရေးစနစ်နှင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရာတွင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံး၊ ပြည်သူများအားလုံးနှင့်အတူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here