ပြွန်တန်ဆာ ပင်းတလဲကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပြီး ယာဉ်မောင်းသေဆုံး

0
306

ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ပြွန်တန်ဆာမြို့ ၊ ပင်းတလဲကွေ့တွင် ယနေ့ နံနက်ပိုင်းပိုင်းက ဆီဘောက်ဆာကား တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ (၂၇) ရက် နံနက် (၁၀) နာရီဝန်းကျင်က ပြွန်တန်ဆာမြို့အနီး ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ ပင်းတလဲကွေ့တွင် ဆီဘောက်ဆာကား တိမ်းမှောက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ယာဉ်မောင်း ဖြစ်သူ မီးလောင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်အကူဖြစ်သူမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

” ‌ဘေးမှာက ချောက်ရှိတယ်။ ချောက်ထဲကို ကျမသွားတဲ့အတွက် ဘေးပတ်ဝန်းကျင်တော့ ဘာမှ ထိခိုက်တာ မရှိပါဘူး။ ကားပဲလောင်သွားတာပေါ့။ ယာဉ်မောင်းကတော့ ဆုံးသွားတယ်။ ယာဉ်အကူက လွင့်ထွက်သွားတော့ လွတ်သွားတယ်” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် မြို့မေတ္တာလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အခင်းဖြစ်နေရာတွင် ယခင်နှစ်အတွင်းကလည်း အလားတူ ဆီဘောက်ဆာကား တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များ ထံမှ သိရသည်။

ယခုဖြစ်စဉ်အား ပြွန်တန်ဆာမြို့ မီးသတ်တပ်ဖွဲ့နှင့် အနီးပတ်ဝန်းကျင်မြို့များမှ မီးသတ်တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ယာဉ်အကူ ဖြစ်သူအား ပြွန်တန်ဆာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဒေသခံ လူမှုကူညီရေး အသင်းများ ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here