လီရှန်လွန်း ဗီယက်နမ်သို့သုံးရက်ခရီးသွားရောက်မည်

0
294

စင်္ကာပူ၊ဩဂုတ် ၂၆

စင်္ကာပူဝန်ကြီးချုပ်မစ္စတာလီရှန်လွန်းသည် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာဖန်မင့်ချင်၏ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့သုံးရက်ကြာတရားဝင်ခရီးသွားရောက်မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင်ကြေငြာခဲ့သည်။

မစ္စတာချင်သည် ဖေဖော်ဝါရီလကလည်းစင်္ကာပူသို့လာရောက်ခဲ့သေးကာ ဒစ်ဂျစ်တယ်စီးပွားရေးမိတ်ဖက်နှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှုကဲ့သို့သောနယ်ပယ်များတွင် နှစ်နိုင်ငံသဘောတူစာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့သည်ဟုသိရသည်။

နှစ်နိုင်ငံဝန်ကြီးချုပ်များ၏တွေ့ဆုံမှုသည် စင်္ကာပူ – ဗီယက်နမ်သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်နှင့် စင်္ကာပူနှင့်ဗီယက်နမ်၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှု ၁၀ နှစ်ပြည့်အထိမ်းအမှတ်နှင့်လည်းတိုက်ဆိုင်နေသည်ဟုဆိုသည်။

မစ္စတာလီသည် ဗီယက်နမ်၌ ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်နေ့အထိရှိနေမည်ဖြစ်ပြီး မစ္စတာချင်အပါအဝင် ဗီယက်နမ်ခေါင်းဆောင်အချို့နှင့်ပါတွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ခရီးစဉ်အတွင်း ဝန်ကြီးချုပ်နှစ်ဦးသည် ဗီယက်နမ် – စင်္ကာပူစက်မှုဥယျာဉ် (VSIP)တွင်ကျင်းပပြုလုပ်မည့် VSIP များ၏ဖွင့်ပွဲအခမ်းအနားသို့လည်းတက်ရောက်မည်ဖြစ်ပြီး VSIP အသစ်များအတွက် ရင်းနှီးမြှုပ်နှံမှု လိုင်စင်များတင်ပြခြင်းကိုလည်း ကြည့်ရှုမည်ဖြစ်ကြောင်းသိရသည်။

မစ္စတာလီနှင့်အတူ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး၊ပညာရေးဝန်ကြီး၊လူ့စွမ်းအားဝန်ကြီးအပါအဝင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများလိုက်ပါမည်ဖြစ်ပြီး မစ္စတာလီမရှိချိန်၌ဒုတိယဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ မစ္စတာလော်ရန့်စ်ဝေါင်းမှဝန်ကြီးချုပ်အဖြစ်တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here