ရှေးယခင်ကတည်းကမြန်မာ့ဗိသုကာပညာရပ်သည် အရည်အသွေးမြင့်မားခဲ့၍ ထိန်းသိမ်းရာ၌ စနစ်တကျ ထိန်းသိမ်းရမည်

0
186

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ရေဝပ်မှုများနှင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုအား ပြုပြင်ထိန်းသိမ်းထားရှိမှုကို သြဂုတ် ၂၇ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌမှကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ အာနန္ဒာဘုရားအားဖူးမြော်ကြည်ညိုကာ ဘုရားကြီးအတွင်းပရိဝုဏ်နှင့် အပြင်ပရိဝုဏ်အတွင်းထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင်ကတည်းကပင် အရှည်အသွေးမြင့်မားခဲ့၍ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့်ရေရှည်တည်တံ့အောင်ထိန်းသိမ်းရမည်ဟု မှာကြားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမရှိစေရန် လိုအပ်သည့်ပြုပြင်မှုများကို တာဝန်ရှိသူများက အမြဲမပြတ်စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိမည်ဖြစ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများသို့ လာရောက်ဖူးမြော်မည့်သူအများအပြားရှိမည်ဟုဆိုသည်။

ရှေးဟောင်း စေတီပုထိုးများအား ပြုပြင်ထိန်းသိမ်းရာတွင်
“ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးပြီး စဉ်းစားဆောင်ရွက်ကြရပါမယ်၊ ပြုပြင်ထိန်းသိမ်းမှုပေါ်မူတည်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ်ပေါ်စေမှာဖြစ်တဲ့အတွက် မူလလက်ရာကို မထိခိုက်စေဘဲ ခေတ်မီနည်းပညာတွေ အသုံးပြုပြီးထိန်းသိမ်းဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာ ကြားသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့ပြီး ရေဝပ်မှုများဖြစ်ပေါ်ခဲ့သည့် နရပတိစည်သူမင်းတည်ထားခဲ့သော စူဋ္ဌာမဏိဂူဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ဘုရားကြီးပုရိဝုဏ်အတွင်း မြေညှိခြင်းနှင့်မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌမှ နောင်တွင် ရေဝင်ရောက်မှုများမဖြစ်စေရေး ရေထွက်ပေါက်များကို စနစ်တကျတွက်ချက် ထည့်သွင်းဆောင်ရွက်ရန်၊မူလရင်ပြင်တော်အား စနစ်တကျဖော်ထုတ်သွားရန်၊ ရှေးဟောင်းလက်ရာနံရံဆေးရေး ပန်းချီများရေရှည်တည်တံ့စေရန် မှန်ဖြင့်ကာရံသွားရန်တို့ကို မှာကြားခဲ့သည်။

ထို့ပြင် ထီးလိုမင်းလိုဘုရားကြီး၏ အတွင်း၊အပြင်နှင့်အထက်ပစ္စယံတို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအား ထိန်းသိမ်းထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး
ဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊စေတီ၊ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်မည်ဖြစ်ပြီး ပုဂံဒေသ၏ အလှအပများကိုလည်း ကြည့်ရှုနိုင်မည်ရာ လူဦးရေအကန့်အသတ်၊အချိန်အကန့် အသတ်ဖြင့် ပြန်လည်တက်ရောက်ကြည်ညိုခွင့်ပြုပေးနိုင်ရန် စဉ်းစားဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ အာနန္ဒာဘုရား၊စူဋ္ဌာမဏိဂူဘုရားကြီးနှင့်ထီးလိုမင်းလိုဘုရားကြီးတို့အား ဖူးမြော်ကြည်ညိုစဥ် ဘက်စုံအလှူငွေများကိုလည်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မေလအတွင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊အာနန္ဒာဘုရား၊ဓမ္မရံကြီးဘုရား၊စူဋ္ဌာမဏိဘုရား၊ဓမ္မရာဇကဘုရား၊ဆင်ဖြူရှင်ကွန်းပလက်၊ခေမင်္ဂဘုရား၊သပိတ်မှောက်ဘုရား၊ထီးလိုမင်းလိုဘုရား၊လေးမျက်နှာဘုရား၊ဆင်ပေါင်းအုတ်ကျောင်း၊ဓမ္မရာဇကအနီးရှိဘုရား၊ပုဂံမျှော်ဘုရား၊ရွာဟောင်းကြီးဘုရား၊ရွှေနန်းရင်တောဘုရားတို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/အဆောက်အအုံ ၈ ခုတို့တွင် ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းလက်ရာမပြတ်ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here