လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားကိုစွမ်းအားပြည့်ထုတ်လုပ်သွားမည်

0
424

လာမည့်နွေရာသီတွင် လျှစ်စစ်ဓာတ်အားကို စွမ်းအားပြည့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းက ပြောသည်။

သြဂုတ် (၂၆) ရက်က နေပြည်တော်ရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ရေသိုလှောင်ထားရှိမှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စွမ်းအားပြည့်ထုတ်လုပ်နိုင်ရန် လက်ရှိအခြေအနေတွင် စက်များရပ်ပြီး ရေစုဆောင်းနေ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း စက်များနှင့် ရေလှောင်တမံများ၏ ပြင်ဆင်ရေး၊ ကြံ့ခိုင်ရေးတို့ကို ပြုလုပ်ထားကြရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

ထို့ပြင် စွမ်းအားပြည့်မောင်းနှင်ချိန်တွင်အကြောင်းအမျိုးမျိုးကြောင့် စက်များချို့ယွင်းမှု ရှိမည်ဆိုပါက အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေးကို အလေးထားဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည်အထက်ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှု၊ တာဘိုင်စက်ခန်းအတွင်း စက်များမောင်းနှင်နေမှု၊ ရေလှောင်တမံအတွင်းရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေယူအဆောက်အအုံ၊ ရေပိုလွှဲ၊ RCC ကွန်က ရစ်တမံ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေထိန်းတမံနှင့် ရေယူအဆောက်အအုံတွင် ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေထိန်းကန်အတွင်း ရေဝင်ရောက်မှုနှင့် ဓာတ်အားပေးစက်ရုံသို့ ဖိအားမြင့်သံမဏိပိုက်လိုင်းဖြင့် ရေပို့လွှတ်မှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here