မီးနီ (၃) ကြိမ်ဖြတ်မောင်းသည့် YBS ယာဉ်မောင်းများကို ရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူမည်

0
280

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများထဲမှ စည်းကမ်းမဲ့ မီးနီ (၃)ကြိမ် ဖြတ်မောင်းသည့် YBS ယာဉ်မောင်းများကို ရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ကြီးမှူးကျင်းပသော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲ အမှတ်စဉ် (၁၄/၂၀၂၃)တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မီးနီဖြတ်သန်း မောင်းနှင်သူများကို ယာဉ်စည်းကမ်းတွင် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်ပြီး တစ်ကြိမ်၊နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါက YBS ယာဉ်လိုင်းကုမ္ပဏီမှ YRTC နှင့် ပူးပေါင်း၍ ရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က တက်ရောက်လာသည့် စည်းကမ်းဖောက်ဖျက်သော ယာဉ်မောင်းများမှာ မီးနီဖြတ်သန်းမောင်းနှင်သူများဖြစ်ပြီး ယာဉ်စည်းကမ်းတွင် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ ဒဏ်ကြေးလိုချင်၍ လိုက်လံဖမ်းဆီးနေရခြင်း မဟုတ်ဘဲ ယာဉ်မောင်းများ၊ ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် ဖမ်းဆီးအရေးယူနေရခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယာဉ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှု၊ တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်းမောင်းနှင်မှုများကို Traffic Control Center မှ အချိန်နှင့်တပြေးညီ စောင့်ကြပ်၍ Video မှတ်တမ်းများဖြင့် သိမ်းဆည်းတင်ပြလာသည့်အခါ ကြီးကြပ်သူ YRTC အနေဖြင့် များစွာ မျက်နှာငယ်ရကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ခရီးသည် လုံခြုံမှုရှိစေရန် ဘေးတံခါးဖွင့်မောင်းခြင်းများကိုလည်း တားမြစ်ထားပြီး YBS ယာဉ်များအ‌နေဖြင့် အခေါက်ရေများများ ရလိုစိတ်ဖြင့် တစ်စီးနှင့်တစ်စီး လုယက်မောင်းနှင်နေကြခြင်းများကို တွေ့မြင်နေရကြောင်းလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here