ဘတ်‌ဈေး မြင့်နေမှုကြောင့် ထိုင်းမှသွင်းသည့် ကုန်စည်များပါ ဈေးမြင့်တက်လာ

0
309

ပြီးခဲ့သည့် လဆန်းပိုင်းမှ စတင်ကာ ထိုင်းဘတ်ငွေလဲနှုန်းများမြင့်တက်ခဲ့ရာမှ လက်ရှိအချိန်ထိ ပြန်လည်ကျဆင်းလာခြင်းမရှိသေးဘဲ ကာလရှည်မြင့်တက်လျက်ရှိရာ ထိုင်းနိုင်ငံဘက်မှ တင်သွင်းသည့် သွင်းကုန်များဈေးကွက်အတွင်း ဈေးမြင့်တက်လာကြောင်း သွင်းကုန်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

“ဘတ်တွေက ဆက်တိုက်မြင့်တက်လာတော့ သွင်းကုန်တင်သွင်းတဲ့သူတွေအတွက်လည်း အဆင်မပြေသလို ဒီဘက်က ဝယ်ယူသူတွေအတွက်ကလည်း အဆင်မပြေဘူး။ ဘတ်ဈေးမြင့်လေ သူကဈေးတက်လေပဲ။ ပြီးတော့ အစ်မတို့ကျတော့ လိုင်စင်အသစ်လျှောက်တဲ့အခါမှာလည်း အဆင်မပြေဘူး”ဟု သွင်းကုန်လုပ်ငန်းရှင် မဇင်မီက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ စားသောက်ကုန်၊ လူသုံးကုန်နှင့် လျှပ်စစ်ပစ္စည်း စသည်တို့ တင်သွင်းရောင်းချနေပြီး လက်ရှိ ငွေဈေးအပြောင်းအလဲနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်ပစ္စည်းများမှာ အမျိုးအစားပေါ်အလိုက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ဈေးမြင့်တက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း နစက၏ ကျပ်နှစ်သောင်းတန်ထုတ်ဝေခြင်း၊ စင်ကာပူအခြေစိုက် United Oversea Bank (UOB) က မြန်မာလုပ်ငန်းရှင်များ၏ လုပ်ငန်းသုံးငွေပေးချေမှုကို ယာယီဆိုင်းငံ့ခြင်းစသည့် ဂယက်များကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်း ဈေးကွက်အတွင်း ပေါက်ဈေးအရ ထိုင်းငွေ တစ်ဘတ်လျင် မြန်မာကျပ်ငွေ ၁၀၄ ကျပ် ဝန်းကျင်အထိရှိနေပြီး မြန်မာငွေ တစ်သိန်းလျှင် ထိုင်းငွေ ၉၆၀ ဘတ် (ဘတ်ပေးကျပ်ယူ)နှင့် ကျပ်ပေးဘတ်ယူ ပေါက်ဈေးမှာ မြန်မာငွေ တစ်သိန်းလျင် ၉၄၀ ဘတ် ရှိကြောင်း သိရသည်။

​ရှေ့တပတ်တွင်နိုင်ငံခြား​ငွေ​စျေးကျ​မည်ဟူ​သောသတင်းများထွက်​ပေါ်​နေ​သော်လည်း သွင်းကုန်ပစ္စည်းများမှာ သွင်းခွင့်လိုင်စင် ခက်ခဲနေ​သေးခြင်း​ကြောင့် အချို့ကုန်ပစ္စည်း ​စျေးနူန်း ပြန်ကျဖို့မှာ မ​သေချာ​သေး​ကြောင်း၊ ပစ္စည်း​ရောင်းသူများက ချ​ရောင်းချင်ပါ​ကြောင်း ​​ပေါ်ပြူလာနယူးစ်သို့ပြောကြားကြသည်။

ခု​နောက်ပိုင်း ​ငွေ​ကြေး​စျေးကွက်မတည်ငြိမ်မူမှာ စီးပွား​ရေးသမား​တွေဝင်ကစားတာထက် ပြည်သူရဲ့ Panic Buying ​တွေ​ကြောင့် ပိုဆိုးတယ်လို့မြင်ပါတယ်ဟု ကုန်စည် ပို့​ဆောင်​ရေးလုပ်ငန်းရှင်တစ်ဦးကဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here