ဧည့်မထဆန် တစ်ပြည် (၂၅၀၀) ကျပ်ဖြင့်  ရောင်းချမည့် အရောင်းဆိုင်များ တိုးမြှင့်ဖွင့်လှစ်မည်

0
174

မြန်မာနိုင်ဆန်စပါးအသင်းချုပ်မှ ပုဂ္ဂလိကအရောင်းဆိုင် (၄၂) ဆိုင်နှင့်ပူးပေါင်းပြီး ဧည့်မထဆန်တစ်ပြည် (၂၅၀၀) ကျပ်ဖြင့် ရောင်းချပေးနေသည့် အစီအစဉ်ကို ဩဂုတ် (၂၅) ရက်မှ စတင်ခဲ့ရာ အရောင်းဆိုင်များ တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသင်းချုပ်မှ အသိပေးထုတ်ပြန်ထားသည်။

ဆန်ဈေးနှုန်း တည်ငြိမ်စေရန်နှင့် ကျဆင်းစေရန်  ရည်ရွယ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဧည့်မထဆန် Export Quality (Well-milled, Polished & Sorted) တစ်ပြည်လျင် (၂၅၀၀) ကျပ်ဖြင့် ရောင်းချပေးမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းပြီး လှိုင်သာယာ မြို့နယ်တွင် အမှတ်(၂၀) ရပ်ကွက်ဈေးနှင့်  တာမွေမြို့နယ် အခွန်လွတ်ဈေးတို့တွင်အရောင်းဆိုင်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတစ်ဝန်း ဆန်ဈေးတည်ငြိမ်စေရန်နှင့် ကျဆင်းစေရန်အတွက် မွန်ပြည်နယ်၊ကရင် ပြည်နယ်၊ ရခိုင်ပြည်နယ်၊  မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့်  မကွေးတိုင်းဒေသကြီး တို့တွင်လည်း အသင်းချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊  ဆန်ကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့်  အရောင်းဆိုင်များဖွင့်၍ ဧည့်မထဆန် အမျိုးအစားကို သက်သာသော  ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။

Photo-မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်


LEAVE A REPLY

Please enter your comment!
Please enter your name here