မိုးညှင်းနှင့် ကွတ်ခိုင်မြို့တို့တွင် တစ်ရက်တည်း စိတ်ကြွရူးသွပ်ဆေး သိန်း ၆၄၀ ကျော်ဖိုး ဖမ်းဆီးရမိ

0
178

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တို့တွင် သြဂုတ်လ ၂၉ ရက်က တစ်ရက်တည်း စိတ်ကြွရူးသွပ်ဆေး သိန်း ၆၄၀ ကျော်ဖိုး ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၂၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့စစ်ဆေးစဉ် မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မအေးစု သယ်ဆောင်လာသည့် လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၉၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၉၈.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ည ၈ နာရီ အချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းအရ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၁)နေ ဂျာလ ၏နေအိမ်အား ၀င်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အဖြစ် အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသူ အောင်ဂမ်(ခ)ပေါက်ချုံဖ အား ကွတ်ခိုင်မြို့၊ ရပ်ကွက်(၄)ရှိ ၎င်း၏နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၄၀)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မအေးစု (၄၃) နှစ်အား မိုးညှင်းမြို့မရဲစခန်း၊ ဂျာလ(၄၆)နှစ် နှင့် အောင်ဂမ်(ခ)ပေါက်ချုံဖ (၃၁)နှစ်တို့အား ကွတ်ခိုင်မြို့မရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Photo – CCDAC


LEAVE A REPLY

Please enter your comment!
Please enter your name here