ကျိုင်းတုံမြို့တွင် ယမန်နေ့က ရေနစ်ပျောက်ဆုံးသွားသည့် အသက်(၁၄)နှစ်အရွယ် ကျောင်းသား၏ ရုပ်အလောင်းအား ယနေ့ပြန်တွေ့

0
280

သြဂုတ် (၂၉) ရက် နေ့လယ် (၁) နာရီခန့်က ကျိုင်းတုံမြို့ဂေါက်ကွင်းအရှေ့ရှိ မိုင်းလပ်အုပ်စု၊ ဝမ်ဟွတ်ရေကန်တွင်ရေကူးဆင်းရာမှ အသက်(၁၄)နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးသွားသည့် ကျောင်းသားအား ကျိုင်းတုံမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေး အသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ပျောက်ဆုံးနေသည့်အတွက် ယနေ့ ဩဂုတ်လ (၃၀)ရက် နံနက်ပိုင်းတွင် ဆက်လက်ရှာဖွေခဲ့ရာ နံနက် (၉) နာရီ ဝန်းကျင်တွင် ရေနစ်ပျောက်ဆုံးသွားသည့် ကျောင်းသားငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရကြော င်း သိရသည်။

“ကျိုင်းတုံ အ.ထ.က (၄) က ကျောင်းသားလေးပါ။ သူ့သူငယ်ချင်းတွေနဲ့အတူ ဝမ်ဟွတ်ရေကန်မှာ ရေသွားကူးရင်း ပျောက်ဆုံးသွားတာ။ မနေ့ကအခင်း ဖြစ်စဥ်ကို သိတဲ့အချိန်ကစပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ပါတယ်။ ရေငုတ်ပြီးတော့လည်းရှာခဲ့တယ်။ မတွေ့ခဲ့ပါဘူး။ ဒီနေ့မနက်မှာ ရှာဖွေရေး ဆက်လုပ်ရင်းနဲ့ မနက် (၉)နာရီလောက်မှာ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တိုင်းနေနာရေးကူညီမှုအသင်းမှ ကျိုင်းတုံပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တိုင်းနေနာရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here