ယာယီဘေလီတံတားမှာအနည်းငယ်ကျဥ်း၍ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီးပေါ်တွင် ကားများရာချီ၍ပိတ်နေ

0
269

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် လမ်းပြိုကျခဲ့သည့်နေရာအား တာဝန်ရှိသူများက ဖြတ်သန်းသွားလာမှုများအဆင်ပြေစေရန် ယာယီဘေလီတံတားခင်းပေးခဲ့သည်။

ယာယီဘေလီတံတားခင်းပေးခဲ့ပြီးနောက် ကုန်စည်စီးဆင်းမှုနှောင့်နှေးကြန့်ကြာမှုမဖြစ်စေရေးအတွက် ကုန်တင်ကားကြီးများ၊အဝေးပြေးခရီးသည်တင်ကားများနှင့်အိမ်စီးကားများကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။

ထိုသို့ ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ခင်းပေးထားသည့် ယာယီဘေလီတံတားမှာအနည်းငယ်ကျဥ်းနေသဖြင့် ဖြတ်သန်းသွားလာသည့်ကားအရေအတွက်နှင့်မျှတမှုမရှိသဖြင့် ယာယီဘေလီတံတား၏ နှစ်ဖက်လုံးတွင် ကားများရာနှင့်ချီ၍ ပိတ်မိနေကြောင်း အဝေးပြေးခရီးသည်တင်ကားမောင်းသူများထံမှ သိရသည်။

“နှစ်ဖက်လုံးမှာပိတ်နေတာ ယာယီဘေလီတံတားကကျဥ်းတော့တစ်စီးပြီးမှတစ်စီးဖြတ်သွားလို့ရတယ် တာဝန်ရှိတဲ့လူတွေကတော့ အတက်ကားကိုတစ်ဖြတ်လွှတ်တယ် ၁၀ စီး ၁၅ စီးလောက်ဖြတ်ပြီးရင် အဆင်းကားတွေကိုတစ်ဖြတ်လွှတ်တယ် အဲ့လိုအလှည့်ကျနဲ့လွှတ်နေတယ်”ဟု အဝေးပြေးခရီးသည်တင်ကားမောင်းသူ ကိုညီညီကပြောသည်။

ထိုသို့ စေလွှတ်ပေးလျက်ရှိသော်လည်း ယာယီဘေလီတံတားအားဖြတ်သန်းရန် စောင့်ဆိုင်းစေရာ၌ ကုန်တင်ကားများအားလိုင်းတစ်လိုင်း၊အဝေးပြေးခရီးသည်တင်ကားများအားလိုင်းတစ်လိုင်းနှင့်အိမ်စီးကားလေးများအားလိုင်းတစ်လိုင်းစီသီးသန့်ခွဲ၍ လွှတ်ပေးပါကပိုမိုအဆင်ပြေနိုင်သည်ဟု အာရှလမ်းမကြီးအားအသုံးပြုသွားလာနေရသူများက သုံးသပ်ပြောကြားထားသည်။

“အခုက ကားတွေအကုန်လုံးကရောနေတာ အဲဒီတော့အဆင်မပြေဘူး ကားအမျိုးအစားအလိုက် သီးသန့်ခွဲပြီးလွှတ်ရင်ပိုကောင်းတယ် အခုဆိုရင် မြဝတီကနေ ရန်ကုန်ကိုသွားဖို့ကို တံတားဖြတ်ဖို့စောင့်ရတာရယ် ညမထွက်ရအမိန့်ကြောင့် ညအိပ်ရတာရယ်နဲ့က အချိန်အတော်ပေးနေရတယ်”ဟု မြဝတီမြို့ခံတစ်ဦးဖြစ်သည့် ကိုဝဏ္ဏစိုးကပြောသည်။

လက်ရှိအချိန်၌ အာရှလမ်းမကြီးအားအသုံးပြုသွားလာနေသည့်ကားများ များပြားနေသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here