ကြက်တောင်အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့် ၄၈ အထိ တက်လှမ်းနိုင်ခဲ့သည့် သက်ထားသူဇာ

0
314

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်သော ကြက်တောင်အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့် ၄၈ အထိ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် ကျင်းပခဲ့သည့် TOTALENERGIES BWF WORLD CHAMPIONSHIPS 2023 တွင် ၁၆ ဦးအဆင့်ထိ တက်ရောက်နိုင်ခဲ့သည့်အတွက် သူမ၏ အဆင့်သတ်မှတ်ချက်မှာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ ၀င်ရောက်မယှဉ်ပြိုင်ခင် သက်ထားသူဇာ၏ ကမ္ဘာ့အဆင့်မှာ အဆင့် (၆၁) ဖြစ်ပြီး World Championship ပြိုင်ပွဲတွင် သူမ၏ကစားသမားဘ၀ ပထမဆုံး ၁၆ ဦးအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့်အတွက် ယခုအခါ ကမ္ဘာ့အဆင့် (၄၈) အထိတက်လှမ်းနိုင်ခဲ့ကာ ကမ္ဘာ့အဆင့် (၅၀) ၀င်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးကြက်တောင်ကစားသမားလည်းဖြစ်လာခဲ့သည်။

World Championship ပြိုင်ပွဲတွင် အတွေ့အကြုံကောင်းများစွာရရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ အိုလံပစ်ချန်ပီယံ စပိန်ကြက်‌တောင်မယ် Carolina Marin နှင့်ယှဉ်ပြိုင်ကစားခဲ့ရသည့်အတွက် ဂုဏ်ယူကြောင်း Indonesia Master ပြိုင်ပွဲအတွက် ပြင်ဆင်နေကြောင်း သက်ထားသူဇာက အသိပေးထားသည်။

သက်ထားသူဇာသည် အင်ဒိုနီးရှားနိုင်ငံတွင် လာမည့်စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိကျင်းပမည့် BNI Indonesia Master 2023 တွင် အင်ဒိုကြက်တောင်မယ် Stephani Widjaya နှင့် ၃၂ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ကစားဦးမည်ဖြစ်ကြောင်း သိရသည်။

Photo – Badminton Photo Official


LEAVE A REPLY

Please enter your comment!
Please enter your name here