သထုံမြို့ရှိ အ.ထ.က(၄) ကျောင်းဝင်းအတွင်းမှ ရှေးဟောင်းအုတ်ခွက်ဘုရား (၁၈) ဆူ တူးဖော်တွေ့ရှိ

0
468

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အ.ထ.က (၄) ကျောင်းဝင်းအတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေတူးဖော်ရာမှ ရှေးဟောင်းအုတ်ခွက်ဘုရား (၁၈) ဆူအား ယနေ့သြဂုတ် (၃၀) ရက် နံနက် (၉) နာရီခန့်က တူးဖော်တွေ့ရှိခဲ့ရကြောင်း သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

“မုဒြာပုံစံ အမျိုးမျိုးနဲ့ အုတ်ခွက်ဘုရားတွေပါ လောလောဆယ်စစ်ပြီးတာမှာ အကောင်းရော အကျိုးအပဲ့ရော (၁၈) ဆူရှိပါတယ်။ မြေကဆက်ပြီး တူးနေဆဲပါပဲ။ ထပ်ပြီးတွေ့လာနိုင်တယ်။ ရှေးဟောင်းသုတေသနဌာနကိုလည်း အကြောင်းကြားထားပါတယ်”ဟု သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းအုတ်ခွက်ဘုရား (၁၈) ဆူအား အ.ထ.က (၄) ကျောင်းရှိ ဘုရားခန်းတွင် အပူဇော်ခံထားရှိပြီး ယခု တူးဖော်တွေ့ရှိမှုမှာ ပဥ္စမအကြိမ်မြောက် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အုတ်ခွက်ဘုရားများအား သထုံမြို့တွင် ပထမအကြိမ်အဖြစ် အ.ထ.က(၂) ကျောင်းဝင်းအတွင်းမှ အဆူ (၁၀၀၀) ကျော်၊ ဒုတိယအကြိမ်အဖြစ် ငှက်တွင်းကျောင်းတိုက်ဝင်းအတွင်းမှ အဆူရေ (၁၀၀၀) ကျော်၊ တတိယအကြိမ်အဖြစ် မြန်မာနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းမှ အဆူရေ (၂၄၀) ကျော်၊ စတုတ္ထအကြိမ်အဖြစ် အ.ထ. က (၂) ကျောင်းဝင်းအတွင်းမှ အဆူရေ (၂၁၀)ကျော် တူးဖော်တွေ့ရှိထားကြောင်း သိရသည်။

ယနေ့ တူးဖော်တွေ့ရှိထားသည့် အုတ်ခွက်ဘုရားများသည် ယခင်က တူးဖော်တွေ့ရှိထားသည့် အုတ်ခွက်ဘုရားများနှင့် လက်ရာတူပုံစံတူဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here